ပျိုမေတို့ရေ မင်္ဂလာပါ။ မိုးတွင်းဝင်လာပြီမို့ စိုစွတ်စွတ်ရာသီဥတုမှာ အသားအရေပျက်စီးမှုမရှိအောင် ကြိုတင်ထိန်းသိမ်းပေးဖို့ လိုလာပါပြီနော်။ မိုးရာသီက နွေရာသီလောက် နေပူဒဏ်မခံရပေမယ့် အသားအရေ စေးကပ်ကပ်ဖြစ်ကာ အဆီပြန်လွယ်စေတာကြောင့် ချွေးပေါက်ပိတ်တာကတစ်ဆင့် ဝက်ခြံ Breakouts တွေ အဖြစ်များပါတယ်။ ဒီလို အသားအရေပြဿနာတွေနဲ့ မကြုံရစေဖို့ ဒီတစ်ခေါက်မှာ မိုးရာသီအကူးအပြောင်းအချိန် ပုံမှန်လုပ်ပေးသင့်တဲ့ မရှိမဖြစ် Skincare အဆင့်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Sunscreen လိမ်းတဲ့အဆင့်ကို မမေ့ပါနဲ့


Sunscreen က ရာသီမရွေးလိုအပ်တဲ့ Skincare အဆင့်တစ်ခုဖြစ်ပါတယ်။ မိုးတွင်းလို နေသိပ်မပူတဲ့ ရာသီမှာလည်း သင့်အသားအရေကို မမြင်ရတဲ့ UV Rays တွေကနေ ကာကွယ်နိုင်ဖို့ Sunscreen ပုံမှန်လိမ်းပေးရဖို့လိုပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရေစိုခံတဲ့ Gel အမျိုးအစား Sunscreen လေးတွေ ရွေးသုံးပေးပါ။

၂။ မျက်နှာသန့်စင်တဲ့အဆင့်ကို အာရုံစိုက်ပါ


စိုထိုင်းတဲ့ရာသီမှာ ဖုန်၊ အညစ်အကြေးနဲ့ အဆီတွေ ကပ်လွယ်တာမို့ ချွေးပေါက်မပိတ်ရအောင် မျက်နှာကို သေချာသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ တစ်နေ့ အနည်းဆုံး နှစ်ကြိမ် မျက်နှာသစ်ပေးသင့်ပြီး မိတ်ကပ်လိမ်းလေ့ရှိသူတွေ၊ အပြင်ထွက်ရတဲ့သူတွေအနေနဲ့ သုံးကြိမ်လောက်အထိ သန့်စင်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။

၃။ ပုံမှန် မျက်နှာချေးချွတ်ပေးပါ


အရေပြားကို ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ပုံမှန်ထက် ပိုကပ်တတ်တဲ့ ရာသီဥတုဖြစ်တာမို့ နောက်ဆက်တွဲ ဝက်ခြံနဲ့ အသားအရေပျက်စီးမှုတွေ မဖြစ်ရအောင် မျက်နှာကို ချေးချွတ်သန့်စင်ပြီး ဆဲလ်သေတွေ ပုံမှန်ဖယ်ရှားပေးဖို့ လိုပါတယ်။

၄။ Clay Mask ကပ်ပေးပါ


မိုးရာသီမှာ အသားအရေ အဆီပြန်ပြီး စေးကပ်ကပ်ဖြစ်တာ သက်သာစေဖို့ Clay နဲ့ Charcoal တို့ပါဝင်တဲ့ Mask တွနဲ့ မျက်နှာပေါင်းတင်ပေးသင့်ပါတယ်။ ဒီလို Mask တွေက မျက်နှာပေါ်က အဆီနဲ့ အညစ်အကြေးတွေကို စုပ်ယူဖယ်ရှားပေးပြီး ချွေးပေါက်ပွင့်ကာ အသားအရောင်ညီလာစေပါလိမ့်မယ်။

၅။ နေ့စဉ် Moisturizer သုံးပါ


အစိုဓာတ်ရှိတဲ့ အသားအရေက အရေပြားပြဿနာတွေ ဖြစ်နိုင်ချေနည်းပါတယ်။ စိုစွတ်မှုများတဲ့ ရာသီတွေက အသားအရောင်မွဲခြောက်စေတာမို့ သင့်အနေနဲ့ အစိုဓာတ်ဖြည့်ပေးပြီး အသားအရည်ကြည်လင်စေမယ့် Moisturizer တစ်မျိုးပုံမှန်သုံးပေးဖို့မမေ့သင့်ပါဘူး။ စေးကပ်မှုကင်းပြီး Aloe Vera နဲ့ Hyaluronic Acid လို သဘာဝပစ္စည်းတွေ ပါဝင်တဲ့ ပေါ့ပေါ့ပါးပါး Moisturizer မျိုးကို ရွေးချယ်လိမ်းပေးပါ။

၆။ ရေများများသောက်ပေးပါ


Skincare တွေအပြင် ရေများများသောက်တာကလည်း ရာသီမရွေး အသားအရေကျန်းမာစေမယ့် အထောက်အပံ့တစ်ခုပါပဲ။ နေ့စဉ်ပုံမှန် ရေနှစ်လီတာ အနည်းဆုံးသောက်ပေးတဲ့အခါ ကိုယ်တွင်းနဲ့ အရေပြားပေါ်က အဆိပ်အတောက်တွေပျယ်ပြီး ဝက်ခြံ၊ အပူဖု စတာတွေကိုပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar