မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ဆိုးရင် အနီရောင်လို ကာလာတောက်တောက်ကိုမှ ရွေးဆိုးတတ်တဲ့သူတွေ ရှိလား။ အရောင်တောက်တဲ့ဆံပင်ကာလာ အများစုက လင်းလေ ခဏလေးနဲ့ အရောင်ကျလေဖြစ်တာမို့ ဆိုးလိုက်ပြီဆိုတာနဲ့ အရောင်ကြာကြာခံအောင် နောက်ဆက်တွဲထိန်းသိမ်းတတ်ဖို့လည်း အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ အနီရောင်တောက်တောက်ဆိုးထားတဲ့ ပျိုမေတို့အတွက် ဆိုးပြီးခါစလို ကာလာမျိုး ရသလောက်ထိန်းထားနိုင်ဖို့ လိုက်နာသင့်တဲ့ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးသွားမှာပါ။

ဆိုးပြီး သုံးရက်အတွင်း ခေါင်းမလျှော်မိအောင် ရှောင်ပါ

Photo Source: iStock

လတ်တလောဆိုးထားတဲ့သူတွေ သုံးရက်အတွင်း ခေါင်းမလျှော်မိအောင် သတိထားပါနော်။ ဆံသားထဲ အရောင်စိမ့်ဝင်ပြီး နေသားကျဖို့ သုံးရက်လောက်အချိန်ပေးဖို့လိုတာမို့ သုံးရက်မပြည့်ခင် ခေါင်းလျှော်ချလိုက်တဲ့အခါ အရောင်အမြန်ပျယ်အောင် လုပ်မိသလိုဖြစ်တတ်ပါတယ်။

ခေါင်းလျှော်တဲ့အခါ ရေအေးသုံးပါ


ရေပူပူကလာတဲ့ အပူဓာတ်က ဆံပင်အရောင်ကျွတ်စေသလို ဆံလုံးလည်းကြမ်းစေတာမို့ အရောင်ဆိုးထားတဲ့သူတွေက ခေါင်းလျှော်တဲ့အခါ ရေအေးကို အသုံးပြုတာ ပိုကောင်းပါတယ်။ အရောင်ကြာကြာခံအောင် တစ်ပတ်မှာနှစ်ကြိမ်လောက်ပဲ ရေအေးသုံးပြီး ခေါင်းလျှော်ပေးပါ။

ရေကူးကန်က ရေမစိုမိဖို့ လိုပါတယ်

Photo Source: Youtube

ရေကူးကန်တွေမှာထည့်တဲ့ Chlorine ဓာတ်က အရောင်ဆိုးထားတဲ့ ဆံပင်နဲ့ထိတဲ့အခါ အရောင်မွဲပြီး အဖျားတွေနှစ်ခွဖြစ်လာတတ်ပါတယ်။ သင်အနေနဲ့ ဆံပင်အရောင်ကို မထိခိုက်ချင်ဘူးဆိုရင် ရေကူးကန်တွေမှာ ခေါင်းမစိုရအောင်အုပ်ထားတာ၊ Chlorine ဓာတ်ပါတဲ့ရေတွေနဲ့ မထိမိအောင် ကြိုရှောင်တာမျိုး လုပ်သင့်ပါတယ်။

Sulfate မပါတဲ့ခေါင်းလျှော်ရည် သုံးပါ


ဆံပင်ဆိုးလိုက်ပြီဆိုရင် ကိုယ်သုံးနေကျခေါင်းလျှော်ရည်ကိုလည်း ဆိုးထားတဲ့ဆံပင်နဲ့ အဆင်ပြေမပြေ ပြန်စစ်ဆေးဖို့လိုပါတယ်။ Sulfate မပါတဲ့ ခေါင်းလျှော်ရည်၊ အရောင်ထိန်းပေးတဲ့ အာနိသင်ပါဝင်တာမျိုးတွေကို သုံးပေးပါ။

ရံဖန်ရံခါ Dry Shampoo သုံးပေးပါ


ဆံပင်ဆီထွက်တတ်တဲ့သူဆိုရင် အနံ့ဆိုးထွက်မှာဆိုးတာမို့ ခေါင်းကို တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး လျှော်ချင်ကြမှာပါ။ ဒီ့အတွက် ခေါင်းခဏခဏလျှော်ပြီး အလုပ်မရှုပ်ရအောင် အလွယ်ရတဲ့ Dry Shampoo လေးအစားထိုးသုံးပေးဖို့ အကြံပေးချင်ပါတယ်။

Hair Mask တွေနဲ့ ပေါင်းတင်နိုင်ပါတယ်


ဘယ်အရောင်ပဲဆိုးဆိုး ဆေးနဲ့ထိထားတဲ့ဆံသားက အနည်းနဲ့အများ ခြောက်သွေ့ပျက်စီးလွယ်တာမို့ အစိုဓာတ်ပြန်ဖြည့်ပေးမယ့် သဘာ၀ Hair Mask တွေနဲ့ ပြန်လည်ပေါင်းတင်ပေးဖို့လည်း လိုအပ်ပါတယ်။ DIY လုပ်မယ့်သူတွေက ခေါင်းလျှော်ခါနီးမှာ မိနစ် ၃၀ လောက်အချိန်ပေးပြီး ဆီ၊ ဌက်ပျောသီး၊ အုန်းဆီ၊ ကြက်ဥစတာတွေလိမ်းပြီး ပေါင်းတင်ကြည့်နိုင်ပါတယ်။ ဆံသားအရင်းနဲ့ဦးရေပြားကို အားဖြည့်ပေးပြီး ဆိုးထားတဲ့ဆံပင်အရောင်တောက်တောက်လေးကို ကြာရှည်ခံစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar