နေတအားပူပြီး ချွေးတပြိုင်းပြိုင်းကျရတာကို ဘယ်သူမှမကြိုက်ဘူးဆိုပေမယ့်လည်း မိုးတွေရွာပြီး ညစ်ပတ်နေလို့ ဘယ်မှသွားမရတဲ့အချိန်ထက် ရာသီဥတုသာယာနေတာက ပိုပြီးအဆင်ပြေတာမို့ နေပူလည်းပဲ အပြင်ကတော့ ထွက်မြဲထွက်နေရဆဲပါပဲ။ ဒီလိုနေပူထဲမှာ သွားလာ လှုပ်ရှားနေရသူတွေ အနေနဲ့ နေလောင်ဒဏ်ကို ဘယ်လိုမှရှောင်ရှားလို့မရပါဘူး။ အရေပြားကင်ဆာ၊ အသားအရေအရောင်ပြောင်းခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း စတဲ့ပြဿနာတွေကို မကြုံရစေဖို့အတွက် Sunscreen လိမ်းဖို့အတွက် အမြဲတမ်းလည်း သတိပေးလေ့ရှိကြပါတယ်။

သို့သော်လည်း အချိန်မရှိလို့၊ မေ့သွားလို့ စသဖြင့် အကြောင်းအရင်းအမျိုးမျိုးကြောင့် Sunscreen မလိမ်းမိရာကနေ နေလောင်ကွက်တွေဖြစ်လာပြီမို့ ဒီပြဿနာကိုဖြေရှင်းချင်သူများအတွက် ဒီဆောင်းပါးလေးက သင့်အတွက်ဖြစ်မှာပါ။

အသီးအနှံ

၁။ လီမွန်

လီမွန်ကိုအရည်ညှစ်ပြီးတော့ ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့တို့ပြီးတော့ အသားအရေကိုလိမ်းပေးပါ။ အကယ်လို့ သင့်အသားအရေက အထိခိုက်မခံဘူးဆိုရင်တော့ လီမွန်အရည်ချည်းမလိမ်းဘဲ ရေနည်းနည်းလောက်ရောထည့်ပြီးမှ သုံးပေးပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၃ ကြိမ်မှ ၄ ကြိမ်လုပ်ပေးနိုင်ပါတယ်။

၂။ သင်္ဘောသီး

သင်္ဘောသီးကို ကြိတ်ခြေတာဖြစ်ဖြစ်၊ ခြစ်တာဖြစ်ဖြစ်ပြုလုပ်ပြီး ရလာတဲ့အနှစ်ကို အသားအရေမှာလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ပြန်လည်သန့်စင်ပေးနိုင်ပါတယ်။ သင်္ဘောသီးကတော့ လီမွန်ထက် နူးညံ့တာမို့ မနက်တစ်ခါ၊ ညနေတစ်ခါ အသုံးပြုနိုင်ပါတယ်။

၃။ ဖရဲသီး

ဗီတာမင်အေ၊ ဘီ၊ စီတိ့ပါဝင်တဲ့ ဖရဲသီးကို အသားတွေသပ်သပ်ဖယ်ကာ နေလောင်ကွက်တွေရှိနေတဲ့နေရာတစ်ဝိုက်ကို ပွတ်လိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀-၃၀ လောက်ထားထားပြီးတော့ ရေဆေးချနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ အသားအရေကို ထိခိုက်ပျက်စီးစေတာမျိုး မဖြစ်စေတာကြောင့် နေ့တိုင်းလုပ်ပေးလို့လည်း အဆင်ပြေပါတယ်။

ဟင်းသီးဟင်းရွက်

၄။ ကြက်သွန်နီ

ကြက်သွန်နီအရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောပြီးတော့ နေလောင်ကွက်တွေမှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ကိုယ့်အသားအရေနဲ့ တည့်မတည့်မသိနိုင်သေးတာကြောင့် မျက်နှာကိုတိုက်ရိုက်မလိမ်းသေးဘဲ ခန္ဓာကိုယ်မှာအရင်စမ်းကြည့်ပါ။ ၁၅ မိနစ်ထားပြီးနောက် အနံ့ပျောက်စေဖို့အတွက် သေချာသန့်စင်ပေးဖို့တော့ လိုပါလိမ့်မယ်။ တစ်ပတ်လျှင် ၂ ကြိမ်လုပ်ပေးရုံနဲ့ သိသာမယ့်နည်းလမ်းလေးပါ။

၅။ ခရမ်းချဥ်သီး

လတ်လတ်ဆတ်ဆတ်အရည်ညှစ်ထားတဲ့ ခရမ်းချဥ်သီးအရည်ကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်ထားတာဖြစ်ဖြစ်၊ ခရမ်းချဥ်သီးကို အကွင်းလေးတွေလှီးပြီးတော့ နေလောင်ကွက်ဖြစ်နေတဲ့နေရာတွေမှာ ကပ်ပေးတာဖြစ်ဖြစ် တစ်ပတ်လျှင် ၃ ကြိမ် ၄ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

၆။ သခွားသီး

အစိုဓာတ်ကြွယ်ဝတဲ့ သခွားသီးကို အကွင်းလေးတွေလှီးကာ မျက်လုံးပေါ်မှာအုပ်ပေးပါက မျက်ကွင်းညိုခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း နေလောင်ကွက်တွေကိုသာမက မျက်နှာတစ်ခုလုံးမှာ ၁၅ မိနစ်လောက် ကပ်ပေးပြီးနောက်လည်း ရေဆေးသန့်စင်နိုင်ပါတယ်။

Source: BrightSide