နှုတ်ခမ်းနီ Brand နဲ့ နှုတ်ခမ်းနီ အရောင်တွေ အမျိုးမျိုး ရှိတာက သင့်ကို ရွေးချယ်ရ ခက်ခဲစေတတ်ပါတယ်။ မိန်းကလေးတိုင်းမှာ ဝယ်လိုက်တဲ့အရောင်က ကိုယ်နဲ့ အဆင်မပြေလို့ မဆိုးဘဲ ထားရတဲ့ နှုတ်ခမ်းနီ တစ်ချောင်းအမြဲ ရှိတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီလို မဖြစ်ရလေအောင် ကိုယ့်အသားအရေ အရောင်နဲ့ လိုက်ဖက်တာကို ဘယ်လို ရွေးချယ်မလဲ ဖော်ပြလိုက်ပါတယ်။

၁။ နှုတ်ခမ်းပုံစံ

ပထမဆုံး အသားအရေ အရောင်နဲ့ လိုက်ဖက်တာကို မရှာခင် ကိုယ့်နှုတ်ခမ်းပုံစံက ဘယ်လိုမျိုးလဲ အရင် စဉ်းစားသင့်ပါတယ်။ အရောင် မှိုင်းတဲ့ နှုတ်ခမ်းနီတွေက နှုတ်ခမ်းသေးသွားစေပြီး အရောင်တောက်တာတွေက နှုတ်ခမ်းကို ပိုကြီးသွားစေပါတယ်။ ဒီတော့ သင့်အနေနဲ့ ပိုကြီးတဲ့ နှုတ်ခမ်းပုံစံမျိုးကို လိုချင်တာလား၊ နှုတ်ခမ်းပိုသေးသွားစေချင်တာလား အရင်စဉ်းစားပေးရပါမယ်။

၂။ အဆင်ပြေတဲ့ တစ်ခု

နှုတ်ခမ်းနီ ဘယ်နှစ်ချောင်းပဲ ဝယ်ပါစေ ကိုယ့်အိတ်ထဲက အမြဲထုတ်ဆိုးနေကျ နှုတ်ခမ်းနီ တစ်ချောင်းတော့ ရှိတတ်ပါတယ်။ ဒီနှုတ်ခမ်းနီက ကိုယ့် နှုတ်ခမ်းအရောင်နဲ့ သိပ်မကွာတဲ့ အမျိုးအစား ဖြစ်သင့်ပါတယ်။ ဒါကြောင့် အမြဲထုတ်ဆိုးဖြစ်မယ့် နှုတ်ခမ်းနီကို ပထမဆုံး စဉ်းစားပေးသင့်ပါတယ်။

၃။ အသားအရေအမျိုးအစား

Photo Source: YouTube

မိတ်ကပ်ဝယ်တဲ့အခါ အသားအရေ အမျိုးအစားအလိုက် ဝယ်ရသလိုပဲ နှုတ်ခမ်းနီမှာလည်း ဒီသဘောတရားပါပဲ။ ကိုယ့်အသားအရေ အရောင် Tone က Warm Color ဘက်သွားလား Cool ဘက်သွားလား သိထားရပါမယ်။ လက်ဖျံကြော သွေးကြောအရောင်က အပြာရောင်ဆိုရင် Cool Tone ဖြစ်ပြီး အစိမ်းဆိုရင်တော့ Warm Tone ဖြစ်ပါတယ်။

၄။ ပုံမှန်အသားရောင်

ပုံမှန် အသားအရေ အရောင်ရှိသူတွေအနေနဲ့ နှုတ်ခမ်းနီ ရွေးတဲ့အခါ Nude အရောင် ၊ ပန်းရောင်နဲ့ အညိုဖျော့ အရောင်တွေကို ရွေးချယ်သင့်ပါတယ်။ Cool Tone ပိုင်ဆိုင်တဲ့ ပျိုမေတို့အနေနဲ့ အညိုရောင် နဲ့ အရောင်မှိုင်းတဲ့ဘက်ကို ရွေးသင့်ပါတယ်။ အရောင်ညိုတဲ့ဘက် သွားတဲ့ နှုတ်ခမ်းနီတွေက ပုံမှန်အသားအရေနဲ့ လိုက်ဖက်ပါတယ်။

၅။ အသားလတ်

အသားလတ်တဲ့ ပိုင်ရှင်တွေက အညို၊အနီနဲ့ မက်မွန်ရောင်တွေကို ရွေးချယ်သင့်ပါတယ်။ အသားလတ် Warm Tone တွေအနေနဲ့ Bronze ကြေးရောင်ကို ရွေးသင့်ပြီး Cool Color ရှိတဲ့ ပျိုမေတို့က ပန်းရောင်ကို ရွေးသင့်ပါတယ်။

၆။ အသားညိုတဲ့သူ

အသားညိုတဲ့ ပျိုမေတို့အနေနဲ့ ကြက်သွေးရောင် နှုတ်ခမ်းနီကို ရွေးသင့်ပါတယ်။ Cool Undertone တွေအနေနဲ့ အနီရောင်ကို ရွေးသင့်ပြီး Warm သမားတွေကတော့ ကြေးရောင်ကို ရွေးချယ်သင့်ပါတယ်။ အသားညိုတဲ့ ပျိုမေတို့အနေနဲ့ လိမ္မော်ရောင်ကို ရှောင်သင့်ပါတယ်။

ဘယ်အသားအရေ အရောင်က ဘယ်ဟာကိုမဖြစ်မနေ ဆိုးရမယ်လို့ စည်းကမ်းချထားတာမျိုး မဟုတ်တာကြောင့် အရေးအကြီးဆုံး အချက်ကတော့ ကိုယ်ကြိုက်တဲ့အရောင် ဖြစ်ဖို့ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar