ပျိုမေတို့အားလုံးပဲ မင်္ဂလာပါနော်။ ဆံသားအောက်ပိုင်းအခွေအလိပ်လေးတွေနဲ့ လှိုင်းတွန့်ဆံပင်ပုံစံတွေ ထားရတာကြိုက်တဲ့ပျိုမေတို့အနေနဲ့ ဆံပင်ပုံသွင်းပြီးနောက်မှာ ရေရှည်မခံဘဲ ရက်အနည်းငယ်အတွင်း အကောက်မညီတော့တာ အကောက်ပြေမြန်တာတွေနဲ့ ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါ ခဏခဏပုံပြန်သွင်းရတာက ကိုယ့်ကိုအလုပ်ပိုရှုပ်စေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ လွယ်လွယ်နဲ့ဆံသားအကောက်မပြယ်အောင် ထိန်းသိမ်းချင်တဲ့ပျိုမေတို့အတွက် လိုက်နာပေးရမယ့် ဆံသားထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ဆံပင်ပုံသွင်းပြီး နောက်သုံးရက်အထိ ခေါင်းမလျှော်ပါနဲ့


သင့်ဆံသားအကောက်တွေ နေရာတကျဖြစ်ဖို့အတွက် အချိန်ပေးဖို့လိုပါတယ်။ ဒါကြောင့် ဆိုင်မှာပဲဖြစ်စေ ကိုယ်တိုင်ဖြစ်စေ ဆံပင်ပုံသွင်းပြီးနောက်သုံးရက်အနည်းဆုံးထားပြီးမှ ခေါင်းပြန်လျှော်သင့်ပါတယ်။ ခဏခဏခေါင်းလျှော်တာက ဦးရေပြားနဲ့ဆံသားအဆီဓာတ်ခြောက်သွေ့စေတဲ့အပြင် ဆံပင်ပုံပျက်ဖို့လည်းလွယ်တာကိုသတိပြုရပါမယ်။

၂။ ဆံပင်ပေါင်းဆေးပုံမှန်သုံးပါ


ဘယ်လောက်ပဲပုံပြန်သွင်းပါစေ ဆံသားပျက်စီးနေရင်တော့ ဆံပင်ကဖွာပြီး ကြည့်ရပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ပေါင်းဆေးနဲ့ ပျော့ဆေးတွေကိုပုံမှန်အသုံးပြုပေးပါ။ ဒါ့အပြင် Conditioner မှန်မှန်သုံးတာက ဆံပင်ကောက်ခြင်း ဖြောင့်ခြင်းနဲ့ အရောင်ဆိုးခြင်းတွေရဲ့ နောက်ဆက်တွဲဆံသားပျက်စီးမှုတွေ မဖြစ်အောင်လည်း ပုံမှန်ထိန်းသိမ်းပေးရာရောက်ပါတယ်။

၃။ ဆံပင်အဖျားတွေကို ဖြေးဖြေးချင်းဖြီးပေးရပါမယ်


ဆံသားအကောက်ပျယ်ခြင်းကို လျှော့ချနိုင်ဖို့အတွက် ခေါင်းဖြီးတဲ့နေရာမှာလည်းသတိထားဖို့လိုပါတယ်။ ဆံပင်ပုံသွင်းပြီးနောက် ချက်ချင်းခေါင်းဖြီးတာမျိုးကိုလည်းရှောင်ပေးပါ။ အရင်ဆုံး လက်ချောင်းတွေနဲ့ပွတ်ပြီး ထုံးနေတဲ့ ဆံသားအဖျားတွေကိုဖြီးချပေးပါ။ ပြီးနောက်မှ အသွားကျဲဘီးတွေအသုံးပြုပြီး ဖြေးဖြေးချင်းဖြီးပေးရပါမယ်။

၄။ ဆံပင်အဖျားပုံမှန်တိပေးပါ


ပုံပျက်နေတဲ့ဆံပင်အဖျားတွေကိုပုံမှန်တိပေးတာက ဆံသားပုံကျပြီး အကောက်ညီစေဖို့ အထောက်အကူပြုပါတယ်။ ပုံမှန်တိပေးမယ်ဆိုရင် ဆံသားသန်စွမ်းစေမယ့်အပြင် ပျက်စီးနေတဲ့ ဆံပင်အဖျားနှစ်ခွတွေကိုလည်းဖယ်ရှားပြီးသားဖြစ်စေပါတယ်။

၅။ မှန်ကန်တဲ့ဆံသားပုံသွင်းနည်းတွေလိုပါတယ်


ဆံပင်အလိပ်လှလှလေးတွေ ကြာရှည်ခံဖို့အတွက် ခေါင်းလျှော်ပြီးနောက်မှာ ဆံသားပုံသွင်းတဲ့ Cream ဒါမှမဟုတ် Spray ကောင်းကောင်းတွေပုံမှန်အသုံးပြုပေးဖို့လိုပါတယ်။ ပုံကျတဲ့အကောက်တွေရဖို့အတွက် Hairspray ကိုဆံပင်ပုံမသွင်းခင်နဲ့ သွင်းပြီးနောက်ပိုင်းမှာဖြန်းပေးပါ။ ဆံပင်ကြမ်းပြီးကပ်သွားနိုင်တာကြောင့် အရမ်းမနီးကပ်စေဘဲ အကွာအဝေးတစ်ခုကနေဖြန်းပေးရပါမယ်။ ပုံသွင်းပြီးနောက်မှာလည်း ချက်ချင်းခေါင်းမဖြီးဘဲ မိနစ်အနည်းငယ်ထားပေးပါ။

၆။ အိပ်တဲ့အချိန်မှာလည်း ကာကွယ်ပေးရပါမယ်

Photo Source: SkinKraft

အိပ်ရာထတဲ့အချိန်မှာလည်း အကောက်မပြယ်သွားစေဖို့ အိပ်တဲ့အခါ ဆံထုံးခပ်ပြေပြေလေးထုံးပြီး အပေါ်လှန်တင်ပေးထားရပါမယ်။ ဒါမှမဟုတ် ဆံကြောင်းခွဲပြီး မဖိမိစေဘဲ ပုခုံးတစ်ဖက်စီမှာချပြီးလည်း အိပ်နိုင်ပါတယ်။ ဆံပင်ပွခြင်းကိုလျှော့ချနိုင်ဖို့ ပိုးသားခေါင်းအုံးစွပ်တွေကိုအသုံးပြုပေးပါ။ မနက်ပိုင်းမှာလည်း အကောက်ပုံကျစေတဲ့ ဆံသားအားဖြည့် Oil တစ်မျိုးကိုပုံမှန်လိမ်းဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar