သင့်ဦးရေပြားက အကြောင်းအမျိုးမျိုးကြောင့် အနံ့ထွက်တာ၊ မကြာခဏ ယားယံပြီး နီမြန်းလွယ်တာနဲ့ ဗောက်ထတာစတဲ့ ပြဿနာတွေဖြစ်လာတဲ့အခါ ဦးရေပြားကို ပြန်ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ ဒီလိုပြဿနာတွေက အချိန်ကြာလာတာနဲ့အမျှ ဆံပင်အကျွတ်များတာနဲ့ ဦးရေပြားအနာတွေအထိ ဖြစ်လာတတ်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့အတွက် ထိန်းသိမ်းပေးရမယ့်အချက်တွေနဲ့ ရှောင်ရမယ့်အရာတွေကို သိထားဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဦးရေပြားကျန်းမာပြီးအားပြည့်စေဖို့ ပြုလုပ်ပေးရမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေကိုမျှဝေပေးလိုက်ပါတယ်။

၁။ မကြာခဏခေါင်းလျှော်ခြင်းကိုရှောင်ပေးပါ


ဦးရေပြားအဆီပြန်ပြီးအနံ့ထွက်လွယ်တာကြောင့် ခေါင်းကိုနေ့တိုင်းလျှော်ပေးတာမျိုးတွေမလုပ်သင့်ပါဘူး။ ဒါ့အပြင် သုံးနေကျခေါင်းလျှော်ရည်ကိုလည်း ဓာတုပစ္စည်းများပြီး အာနိသင်အရမ်းပြင်းတာမျိုးတွေမဖြစ်အောင် သတိပြုရပါမယ်။ ဆပ်ပြာလို အမြုပ်ထွက်များတဲ့ခေါင်းလျှော်ရည်တွေအစား သဘာဝပါဝင်ပစ္စည်းတွေပါဝင်တဲ့ ခေါင်းလျှော်ရည်အပျော့တွေကိုအသုံးပြုပေးဖို့လိုပါတယ်။

၂။ ဆံသားပြုပြင်တဲ့ဆေးတွေကိုသတိပြုပါ


Alcohol ပါဝင်တဲ့ဆံပင်ပုံသွင်းပြုပြင်ဆေးတွေက သင့်ဆံသားကိုကြမ်းတမ်းစေပြီး ဦးရေပြားယားယံခြင်းတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ပုံသွင်းတဲ့စပရေးတွေ၊ ဆေးတွေနဲ့ထိတွေ့ခြင်းကို တတ်နိုင်သလောက် ရှောင်ပေးပါ။ မဖြစ်မနေအသုံးပြုရတဲ့အခါမှာလည်း ပြောင်အောင် ခေါင်းသေချာပြန်လျှော်ပေးရပါမယ်။

၃။ အစိုဓာတ်ထိန်းပေးဖို့လိုပါတယ်


ခြောက်သွေ့ပြီးပျက်စီးနေတဲ့ဦးရေပြားမဖြစ်စေဖို့အတွက် အစိုဓာတ်လုံလောက်အောင်ရရှိဖို့လိုပါတယ်။ ဦးရေပြားအစိုဓာတ်မျှတဖို့အတွက် ခေါင်းလျှော်တိုင်းမှာ ပေါင်းဆေးပုံမှန်အသုံးပြုခြင်းနဲ့အတူ Hair Serum အနေနဲ့ ဆေးဖက်ဝင်သဘာဝအဆီတွေဖြစ်တဲ့ Jojoba အဆီ၊ Argan အဆီနဲ့ Almond အဆီတွေကို အသုံးပြုပေးသင့်ပါတယ်။

၄။ နေထိုင်စားသောက်မှုကိုပြုပြင်ပါ


ဦးရေပြားယားယံခြောက်သွေ့ခြင်းက ဆံသားပျက်စီးမှုအပြင် စိတ်ဖိစီးမှုများတာ၊ လိုအပ်တဲ့ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့ စားသောက်ပုံတွေမရှိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဦးရေပြားပြန်လည်ကျန်းမာဖို့ နေထိုင်စားသောက်ပုံကိုလည်း ပြန်လည်သုံးသပ်ပေးသင့်ပါတယ်။

၅။ Dryer အပူနဲ့နေလောင်ဓာတ်တွေကိုရှောင်ပေးပါ


နေလောင်ခြင်းနဲ့ အပူဒဏ်တွေကလည်း ဦးရေပြားနဲ့ဆံသားကို ဆိုးဆိုးဝါးဝါးခြောက်သွေ့ ကြမ်းတမ်းလာစေတာကြောင့် သင့်ဦးရေပြားကို တက်နိုင်သလောက် အပူဒဏ်နဲ့မထိတွေ့အောင် ထားပေးသင့်ပါတယ်။

၆။ ဦးရေပြားကိုမကြာခဏနှိပ်နယ်ပေးပါ


Seneitive ဖြစ်တဲ့ဦးရေပြားကိုသက်သာစေမယ့် နောက်ဆုံးနည်းလမ်းကတော့ ခေါင်းလျှော်ပြီးချိန်တွေနဲ့ အိပ်ခါနီးအချိန်တွေမှာ ဦးရေပြားကို (၁၀) မိနစ်ခန့်ခပ်ဖွဖွနှိပ်နယ်ပေးသင့်ပါတယ်။ ဒီလိုပြုလုပ်တာက သင့်ဦးရေပြားကိုသွေးလည်ပတ်မှုကောင်းစေတဲ့အပြင် ဆံသားသန်စွမ်းဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar