ရည်းစားထားသူတိုင်းကတော့ သူတို့ ချစ်တဲ့သူကို သူတို့ဘဝရဲ့ တစ်ယောက်တည်းသောသူ ဖြစ်စေချင်သူတွေချည်းပါပဲ။ ဒါပေမဲ့ အခန့်မသင့် ပေါ်လာတတ်တဲ့ ပြဿနာတွေ၊ သစ္စာတရား လျော့ပါးမှုတွေကြောင့် စုံတွဲတွေဟာ လမ်းခွဲရတတ်ပါတယ်။ သင့်အနေနဲ့ နှစ်အကြာကြီး တွဲပြီး အချစ်ရေးကံကောင်းတဲ့ စုံတွဲတွေကို မြင်ဖူးမှာပါ။ သူတို့တွေဟာ အောက်မှာ ဖော်ပြထားတဲ့ အရာတွေကို ကြုံတွေ့ဖူးသူချည်းပါပဲ။ သင့်အနေနဲ့ကော အခုလက်ရှိတွဲနေတဲ့ ချစ်သူက လက်တွဲဖော် အစစ်အမှန်ဟုတ်ရဲ့လား ဖော်ပြပါ အချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။ ဒီတော့ လက်တွဲဖော် အစစ်နဲ့ တွေ့မှ သာလျှင် ဖြစ်လာတတ်တဲ့ အရာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ပုံစံ အစစ်အမှန်ကို ခံစားရတယ်

သင်က တကယ့်ချစ်သူအစစ်အမှန်နဲ့ တွေ့နေသူ ဆိုရင်တော့ ဒီလူရဲ့ ရှေ့မှာ သင့်ဟာ လွတ်လွတ်လပ်လပ် နေတတ်ပါတယ်။ သင့်ပုံစံ အစစ်အမှန်ကို အမြဲချပြတတ်ပြီး မလှလို့ သူမချစ်မှာ ကြောက်တယ်ဆိုတဲ့ ခံစားချက်လည်း မရှိတော့ပါဘူး။ သူ့အတွက် လှအောင် ပြင်တာနဲ့၊ ကိုယ့်အားနည်းချက်ကို သူမမြင်အောင် ဖုံးတာနဲ့ အဓိပ္ပာယ်မတူဘူးနော်။ ကိုယ်ချစ်တဲ့သူရှေ့ ပြင်ပြင်ဆင်ဆင် လှလှပပ လူတိုင်း နေချင်ပါတယ်။ ဒါပေမဲ့ တကယ့်ကိုယ့်အားနည်းချက်တွေကိုတော့ လက်တွဲဖော် အစစ်အမှန်ရှေ့မှာပဲ ယုံယုံကြည်ကြည် ချပြနိုင်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်

ဘယ်လောက်ပဲ သင်တို့ နှစ်ယောက်က မတွေ့ဖြစ်ပါစေ၊ မဆက်သွယ်ဖြစ်ပါစေ သင့်အနေနဲ့ ခေါင်းထဲမှာ ဇာတ်လမ်းတွေ ဆင်ကာ တွေးမနေတတ်တော့ပါဘူး။ သူ့ဘက်က ဖုန်းမကိုင်တော့တာ၊ ဂရုမစိုက်တော့တာနဲ့ သူများ နောက်တစ်ယောက်ရသွားပြီလားဆိုတဲ့ သံသယ စိတ်တွေ သင့်ဆီမှာ မရှိတော့ပါဘူး။ သင်က လက်တွဲဖော်အစစ်နဲ့ တွေ့ထားရင် သင့်တန်ဖိုးကို နှိမ့်ချမတွေးတော့ဘဲ ယုံကြည်မှု ရှိနေတတ်ပါတယ်။

၃။ အားအင်ပြည့်ဝနေတယ်

သင့်လက်တွဲဖော် အစစ်အမှန်က သင့်ကို အမြဲ ခွန်အားပေးတတ်ပါတယ်။ သင့်အလုပ်အက်ိုင်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးပြီး အမြဲ သင့်အနားရှိကာ အားပေးတတ်သူ ဖြစ်ပါတယ်။ သင်က သူနဲ့ တွေ့တိုင်း အမြဲ ခွန်အားတွေ ပြည့်သွားတတ်ပါတယ်။

၄။ မျှော်လင့်ချက်တွေနဲ့ လင်းလက်နေတတ်တယ်

သင်နဲ့ သူ့ရဲ့ အနာဂတ်က အမြဲ သေချာနေတတ်ပါတယ်။ အချင်းချင်း ယုံကြည်မှု အပြည့်ရှိပြီး အနာဂတ်မှာ အတူတူ လုပ်သွားမယ့် မျှော်လင့်ချက်တွေနဲ့ ပြည့်နေတတ်ပါတယ်။ သင့်အချစ်ရေးက တစ်ချိန်ချိန် ပျောက်ပျက်သွားမလားလဲ စိုးရိမ်စိတ် မဝင်တတ်ပါဘူး။

၅။ ကံကောင်းတယ်လို့ ခံစားရမယ်

ဒီကမ္ဘာမှာ ရှိတဲ့ လူအများကြီးထဲကမှ ကိုယ့်စိတ်ကို နားလည်ပေးပြီး ကိုယ့်ကို အပြည့်အဝ ဂရုစိုက်ပေးတဲ့ သူစိမ်းလူတစ်ယောက်နဲ့ ဆုံတွေ့တာဟာ ကံကောင်းခြင်းပါပဲ။ သင့်ဘဝမှာ သူနဲ့ တွေ့ရတာ ကံကောင်းတယ်လို့ ခံစားရရင် ဒါဟာ လက်တွဲဖော်အစစ်အမှန်နဲ့ တွေ့ဆုံနေခြင်းပါပဲ။

၆။ ပျော်မယ်

သင့်အချစ်ရေးမှာ စစ်မှန်တဲ့ ဖူးစာဖက်နဲ့ တွေ့မတွေ့ကို ပျော်ရွှင်မှု ရှိမရှိက ဆုံးဖြတ်ပေးပါလိမ့်မယ်။ သင့်ချစ်သူနဲ့ တွေ့တဲ့အချိန်အများစုမှာ ပျော်နေတတ်ပြီး ဒီအချစ်အကြောင်း ပြန်စဉ်းစားတိုင်း သင့်နှုတ်ခမ်းပေါ်မှာ အပြုံးပန်းလေး ပွင့်လာတတ်ပါတယ်။

Photo Source: Pinterest