ဆံသားရှုပ်ထွေးပြီးငြိလွယ်တာက ဆံပင်ရှည်တဲ့သူတွေ၊ ဆံနွယ်တွေမှာ အဖြစ်များပါတယ်။ ဆံသားက အမြဲရှုပ်ထွေးပြီး ငြိနေရင် ဆံပင်ကျွတ်တာ၊ ဆံသားနာတာတွေ ဖြစ်စေပါတယ်။ ကြာလာရင် ကိုယ့်ဆံပင်ပဲ ပျက်စီးတာပါပဲ။ ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆံသားရှုပ်ထွေးပြီး ငြိလွယ်တဲ့သူတွေအနေနဲ့ လိုက်နာသင့်တဲ့အချက် ၆ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်ကိုနည်းနည်းချင်းစီဖြီးပါ

ဆံပင်ကိုအားလုံးယူပြီး ဖြီးတာမျိုးမလုပ်ပဲ နည်းနည်းချင်းစီယူပြီး အပိုင်းခွဲပြီး ဖြီးတာမျိုး လုပ်ပေးမယ်ဆိုရင် ရှင်းရလွယ်ကူပြီး ဆံသားနာတာ၊ ငြိတာ၊ ကျွတ်လာတွေလည်း မဖြစ်တော့ပါဘူး။

အဖျားကနေအပေါ်ကိုဖြီးပါ

တော်တော်များများက ဆံပင်ကို အရင်းကနေ အဖျားကို ယူပြီးဖြီးကြပါတယ်။ ဆံပင်တွေရှုပ်ထွေးနေရင်တော့ ဒီလို အရင်းကနေအဖျားကိုဖြီးတာက ဆံသားပိုနာစေပါတယ်။ ဆံပင်လည်း ပိုကျွတ်ပါတယ်။ ဒါကြောင့် ဆံပင်အောက်ဖျားကနေ စရှင်းပြီး ဖြေးဖြေးချင်းစီ အပေါ်ကိုတက်ပြီး ဖြီးပေးပါ။

ဆံပင်ရေစိုနေချိန်ခေါင်းမဖြီးပါနဲ့

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာက ရှင်းရခက်ပြီး ဆံပင်ကျွတ်ပါတယ်။ ဆံသားရှုပ်ထွေးပြီး ငြိလွယ်တဲ့သူတွေဆို ပိုတောင်ဆိုးပါသေးတယ်။ ဆံသားအရမ်းနာပြီး ဆံပင်အထွေးလိုက် ကျွတ်ထွက်တာမျိုး၊ ရှင်းရပိုခက်ပြီး ဆံသားရှုပ်ထွေးတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်ရေစိုနေချိန်၊ ခေါင်းလျှော်ပြီး ဆံပင်မခြောက်သေးတဲ့အချိန်မှာ ခေါင်းမဖြီးပါနဲ့။

Hair Oil အမြဲလိမ်းပါ

ဆံပင်ကို Hair Oil မလိမ်းရင် ဆံသားခြောက်သွေ့ပြီး ဆံသားရှုပ်ထွေးတာ၊ ငြိတာတွေက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် Hair Oil အမြဲလိမ်းပေးပါ။

Conditioner (သို့) Hair Mask သုံးပါ

ခေါင်းလျှော်တဲ့အခါမှာ Conditioner (သို့) Hair Mask ကောင်းကောင်းလေး သုံးပေးမယ်ဆိုရင် ဆံသားရှုပ်ထွေးပြီးငြိတာတွေ သက်သာပြီး ဆံသားပျော့ပြောင်းစေတယ်၊ ဆံပင်ရှင်းရတာ ပိုပြီးလွယ်ကူစေတယ်၊ ဆံပင်လည်း ပိုကောင်းလာစေပါတယ်။

Silk နဲ့လုပ်ထားတဲ့ခေါင်းအုံးစွပ်သုံးပါ

ဆံသားရှုပ်ထွေးပြီး ငြိလွယ်တဲ့သူတွေ၊ ဆံပင်ကျွတ်တဲ့သူတွေက Polyester အသားနဲ့လုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေ၊ ရိုးရိုး Cotton အသားတွေနဲ့လုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေနဲ့ မအိပ်ပဲ Silk နဲ့လုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေကို ပြောင်းသုံးကြည့်ပါ။ သက်သာသွားပါလိမ့်မယ်။