လေ့ကျင့်ခန်းတွေကို နေ့စဉ်နှင့်အမျှ ကြိုးစားပြီး ပြုလုပ်သော်လည်း မိမိထင်သလောက် ခရီးမရောက်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ သင်က လေ့ကျင့်ခန်း မလုပ်ခင်မှာ အခုဖော်ပြပေးမယ့် အလေ့အကျင့်ဆိုးတွေကို ပြုလုပ်မိနေလို့ပဲဖြစ်ပါတယ်။
အစား မစားခြင်း
မနက်စောစော လေ့ကျင့်ခန်း လုပ်သူများအနေနဲ့ ဗိုက်ထဲမှာ ဘာအစာမှ မရှိဘဲနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သင့်ကို မူးဝေအော့အန်စေပါလိမ့်မယ်။ ခန္ဓာကိုယ် ကြွက်သားများအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်များ မရရှိတာကြောင့် ကြွက်သားသန်မာမှု နှေးကွေးလာပါလိမ့်မယ်။
လေ့ကျင့်ခန်း မပြုလုပ်ခင် ရေများများ သောက်ခြင်း
လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပေမယ့် ရေ အလွန်အကျွံ သောက်သုံးခြင်းကလည်း နာကျင်ခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း မပြုလုပ်ခင်နှင့် ပြုလုပ်နေစဉ်အတောအတွင်းမှာ ရေကို အာဆွတ်ရုံပဲ သောက်သုံးပေးသင့်ပါတယ်။
နေ့ခင်းဘက်တွင် အချိန်ကြာမြင့်စွာ အိပ်စက်အနားယူခြင်း
နေ့ခင်းဘက် အိပ်စက်ခြင်းက အားအင်များ ပြန်လည်ဖြည့်တင်းပေးပြီး ကျန်းမာရေးကောင်းမွန်စေပါတယ်။ ဒါပေမဲ့ မိနစ် ၃၀ ထက် ပိုအိပ်ခြင်းကတော့ ဆန့်ကျင့်ဘက်ပါပဲ။ နေ့ခင်းဘက်မှာ အချိန်ကြာကြာ အိပ်စက်အနားယူလေ ပိုမိုပင်ပန်းနုံးချိလေပါပဲ။
အဝတ်အစားကို ဂရုမစိုက်ခြင်း
လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိတဲ့ အားကစားအဝတ်အစားများ ဝတ်ဆင်သင့်ပါတယ်။ ဒါ့အပြင် ရာသီဥတုပေါ် မူတည်ပြီးလည်း အားကစားဝတ်စုံများကို မှန်ကန်စွာ ရွေးချယ်သင့်ပါတယ်။
ကောင်းစွာ အနားမယူဘဲ လေ့ကျင့်ခန်း တန်းလုပ်ခြင်း
တစ်နေကုန် အလုပ်လုပ်ပြီးမှ လေ့ကျင့်ခန်း ပြုလုပ်မယ့်သူများအနေနဲ့ လေ့ကျင့်ခန်း မလုပ်ခင်မှာ တစ်နေ့တာလုံး အသုံးပြုထားတဲ့ အားအင်များကို အရင်ဆုံး ပြန်လည်ဖြည့်တင်းပေးရပါမယ်။ သင့်ရဲ့ကြွက်သားများကို အနားယူချိန် အပြည့်အဝပေးမှသာလျှင် ကြွက်သားများ ပိုမိုသန်မာလာပြီး ကြွက်သားများ နာကျင်ကိုက်ခဲမှုဒဏ်ကို လျော့ချနိုင်မှာပါ။
ကော်ဖီသောက်ခြင်း
လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ ကာဖိန်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ကော်ဖီ သောက်သုံးပါက အစာချေစနစ်ကို ထိခိုက်စေပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ ရင်တုန်ခြင်း၊ သွေးတိုးခြင်းစတဲ့ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
သင့်အနေနဲ့ ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းကောင်းများကို ပြုလုပ်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ အခုဖော်ပြသွားတဲ့ အမူအကျင့်များကို ရှောင်ကြဉ်သင့်ကြောင့် အကြံပေးလိုက်ရပါတယ်။
Source: Brightside.me