မိန်းကလေးတိုင်းလိုလို အရာရာကို အားလုံးရှေ့ ခေါင်းမော့ ရင်ကော့ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိ လုပ်ကိုင်ချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို ယုံကြည်မှုရှိခြင်းက သူတို့အတွက် အခွင့်အလမ်းကောင်းတွေ ယူဆောင်လာနိုင်လို့ပါ။ ဒါပေမဲ့ ယုံကြည်မှု ရှိဖို့က မိန်းကလေးအားလုံး မရနိုင်အောင် ခက်ခဲတတ်ပါတယ်။ ငယ်ရွယ်စဉ် အတိတ်ဟောင်း၊ စိုးရိမ်မှု စတာတွေက ယုံကြည်မှု ရှိခြင်း လမ်းကြောင်းကို ကာဆီးနေတတ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိချင်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ နှိုင်းယှဉ်ခြင်း

ငါက သူ့လောက် မချမ်းသာဘူး၊ မလှဘူး၊ မတော်ဘူး စတဲ့ နှိုင်းယှဉ်ခြင်းတွေက သင့်ကိုယ်သင် ယုံကြည်မှုကို သတ်နေတဲ့ အဓိက တရားခံပါ။ သင်က ဘယ်လောက်ပဲ အဆင်မပြေသူ ဖြစ်ပါစေ သင့်မှာ ထူးခြားမှုတစ်ခုတော့ အမြဲရှိပါတယ်။ နှိုင်းယှဉ်လိုက်တဲ့အခါ ဒီထူးခြားမှုကို မမြင်တော့ဘဲ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတတ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ်ပဲပြိုင်ပါ

ယုံကြည်မှုပြင်းပြသူ အများစုက သူတို့ဘဝကိုပဲ အာရုံစိုက်တတ်ပါတယ်။ သင့်အနေနဲ့ သင့်ကိုယ်သင် ယုံကြည်မှုရှိချင်ရင် တခြားသူတွေနဲ့ ပြိုင်နေတာကို ရပ်ပြီး မနေ့ကသင်နဲ့ ဒီနေ့သင်ကိုပဲ ဘယ်သူပိုသာလဲ ပြိုင်နေသင့်ပါတယ်။ ဒီလိုပြိုင်ရင်းက သင်ပိုတော်လာပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။

၃။ သင့်အတွေးကို လေးစားပါ

သင့်အမြင်ကို ယုံကြည်မှုမရှိတာက ယုံကြည်မှု ကျဆင်းစေတဲ့ အရာတွေထဲက တစ်ခုပါ။ သင့်အမြင်ကသာ အရေးအကြီးဆုံးဆိုတာ သိထားသင့်ပါတယ်။

၄။ တခြားသူကို ကျေနပ်စေတာ

တခြားသူ ကျေနပ်အောင် လုပ်ပေးနေတာ၊ သူတို့ စိတ်ချမ်းသာအောင် ကြိုးစားနေတာက ယုံကြည်မှုရှိခြင်း မဟုတ်ပါဘူး။ ကိုယ်ယုံကြည်ရာကို လုပ်ခြင်းကသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာပါ။ ဒါကြောင့် လူတိုင်း စိတ်ကျေနပ်အောင် ကြိုးစားနေတာတွေကို ရပ်သင့်ပါတယ်။

၅။ သင့်ကိုယ်သင် ဆက်ဆံတဲ့ပုံစံ

သင့်ကိုယ်သင် နှိမ့်ချပြောဆိုတာ၊ အထင်သေးတာမျိုးကို ယုံကြည်မှု ရှိချင်တယ်ဆိုရင် မလုပ်သင့်ပါဘူး။ တခြားလူတွေ ကိုယ့်ကို ဆက်ဆံတဲ့ ပုံစံကိုလည်း မထီမဲ့မြင် လုပ်တာမျိုး မဖြစ်အောင် သတိထားသင့်ပါတယ်။

၆။ သင့်ကိုယ်သင် လက်ခံပါ

သင့်ရဲ့ အားနည်းချက်တွေကို လက်ခံပြီး ဒါကို အကောင်းဆုံး ပြင်ဆင်တာတွေက ယုံကြည်မှု တိုးစေတဲ့ အရာဖြစ်ပါတယ်။ လက်ရှိ သင့်ကိုယ်သင် ကျေနပ်မှု မရှိရင်တောင် သင်က ကောင်းမွန်တဲ့ အရာတွေ ထိုက်တန်သူ ဖြစ်ကြောင်း ယုံကြည်ပါ။ သင့်ကိုယ်သင် လက်ခံပြီး ချစ်သင့်ပါတယ်။ သင့်ကိုယ်သင် အကောင်းဆုံး ကြိုးစားနေတယ်လို့ လက်ခံထားသင့်ပါတယ်။

သင့်ကိုယ်သင် မုန်းနေဖို့အထိ ဘဝက တိုတောင်းလွန်းပါတယ်။ သင့်ဘဝ စာမျက်နှာရဲ့ ဇာတ်ဆောင်က သင်ကိုယ်တိုင် ဖြစ်တာကြောင့် သင့်ကိုယ်သင် ယုံကြည်မှု အပြည့်ရှိသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar