အများစုက ကိုယ့်ကို ဂရုမစိုက်တဲ့သူကိုမှ စွဲလန်းနေတတ်ပါတယ်။ ကိုယ်ပို့လိုက်တဲ့ စာကို ချက်ချင်း ပြန် Reply တတ်သူဆိုရင် သိပ်တန်ဖိုး မထားချင်ကြပါဘူး။ ကိုယ့်ကို ဂရုမစိုက်တတ်တဲ့၊ ကိုယ့်ကို မေ့ထားတတ်တဲ့သူတွေကိုမှ ကိုယ်က စွဲစွဲလန်းလန်း ဖြစ်နေတတ်ပါတယ်။ သင့်ဘဝမှာ ဒီလို အခိုက်အတန့်မျိုးကို ကြုံဖူးမှာပါ။ ဒီတစ်ခေါက်မှာတော့ သူ့ဆီက ပြန်စာကို စောင့်နေမယ့်အစား ထ လုပ်သင့်တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လမ်းထွက်လျှောက်ပါ

ကိုယ်ဝယ်စရာ ရှိတာတွေ ထွက်ဝယ်တာ၊ သွားစရာရှိတာ ထသွားလိုက်တာတွေ ပြုလုပ်သင့်ပါတယ်။ သင်က အပြင်မထွက်နိုင်ရင်တောင် ဖုန်းကိုချပြီး အိမ်ထဲမှာပဲ ခဏ လမ်းလျှောက်နေသင့်ပါတယ်။

၂။ သူငယ်ချင်းတွေနဲ့ တွေ့ပါ

သူ့အကြောင်းတွေ တွေးရင်း အချိန်ကုန်နေမယ့်အစား သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက် တွေ့လိုက်တာကမှ ပိုအကျိုးရှိပါသေးတယ်။ သင်က သူငယ်ချင်းနဲ့ အပြင်မှာ မတွေ့နိုင်သေးရင်တောင် သူငယ်ချင်းကို ဖုန်းဆက်ပြီး သူ့အကြောင်း သတင်းမေးနိုင်ပါတယ်။

၃။ ကိုယ်လုပ်စရာရှိတာကို လုပ်ပါ

သင်ဖုန်းသုံးနေတဲ့အချိန် ဖုန်းထဲ စိတ်ရောက်ပြီး လုပ်စရာရှိတဲ့ အလုပ်တွေ နောက်ကျသွားတတ်ပါတယ်။ သင်လုပ်ရမယ့် အလုပ်တွေကတော့ ရှိကိုရှိပါတယ်။ သူ့ဆီက Reply ကို ခဏခေါက်ထားပြီး ကိုယ်လုပ်စရာရှိတာတွေကို ထလုပ်သင့်ပါတယ်။

၄။ ဇာတ်လမ်းကြည့်ပါ

သင်က လက်ရှိအချိန် ဝမ်းနည်းနေတယ်ဆိုရင် ဟာသဇာတ်လမ်းလေးတွေ ကြည့်ပေးသင့်ပါတယ်။ ဇာတ်လမ်းထဲ နစ်ဝင်သွားတဲ့အခါ သူ့အကြောင်း ခဏလောက်တော့ မေ့သွားပါလိမ့်မယ်။

၅။ အဝတ်လှလှလေးတွေ ဝတ်ကြည့်ပါ

သင်က လက်ရှိပုံစံထက် ပိုလှသွားတဲ့အခါ ပျော်ရွှင်မှုဆိုတာကို ခံစားရပါလိမ့်မယ်။ ဒါကြောင့် သင့်မှာ ရှိတဲ့ အဝတ်အစားတွေကို မွှေနှောက်ထုတ်ရင်း ဝတ်ကြည့်ကာ ဓာတ်ပုံလှလှလေးပါ ရိုက်နိုင်ပါသေးတယ်။

၆။ ကိုယ့်အပေါ် ဂရုစိုက်သူတွေနဲ့ပဲ စကားပြောပါ

သင့်ကို ဂရုမစိုက်တဲ့သူတစ်ယောက် Reply ကို မျှော်ရင်း အချိန်ကုန်နေတာက သင့်အတွက် မတန်ပါဘူး။ သင့်ကို ဂရုတစိုက် ရှိတဲ့သူတွေနဲ့ပဲ စာအပြန်အလှန်ပို့ရင်း သင့်အချိန်တွေကို ကုန်ဆုံးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar