သင်က ပုံမှန်အားဖြင့် အားတဲ့အချိန်တွေမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာကိုကြိုက်တဲ့သူလား။ ဒါဆိုရင်တော့ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။ လက်ရှိ Covid-19 နဲ့အခြားသောအဆင်မပြေတဲ့ အခြေအနေတွေကြောင့် အိမ်မှာနေရတာများလာတဲ့အခါမှာ အတွေးများလာတာ တက်တက်ကြွကြွ မရှိတော့တာနဲ့ စိတ်ဓာတ်ကျလွယ်တာစတဲ့ပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကိုယ့်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်စေမယ့်အပြင် အားတဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးပြီးသား ဖြစ်စေဖို့အတွက် သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်နိုင်တဲ့အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ညဘက် Game အတူတူဆော့ပါ။

တစ်ခါတစ်ရံ Game ဆော့ပေးခြင်းက စိတ်ဖိစီးမှုကိုလျှော့ချနိုင်တာကြောင့် သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မပြတ်ရအောင် ညဘက်ပျင်းတဲ့အချိန်တွေမှာ Online Game တစ်ခုခုကို အတူတူ ဆော့လို့ရပါတယ်။

၂။ ရုပ်ရှင်တူတူကြည့်ပါ။

အခုခေတ်မှာဆိုရင် ကိုယ်ကြိုက်နှစ်သက်တဲ့ရုပ်ရှင်တွေကို သူငယ်ချင်းတွေနဲ့ လူချင်းတွေ့စရာမလိုဘဲ Social Media နဲ့ Application အချို့ကနေတစ်ဆင့် ကြည့်နိုင်တာကြောင့် ရုပ်ရှင်အတူတူကြည့်ရင်းနဲ့လည်း အချိန်ဖြုန်းဖို့မမေ့ပါနဲ့နော်။

၃။ စာအတူလေ့လာပါ။

အိမ်မှာတစ်ယောက်တည်းစာလေ့လာရတာ Motivation မရှိဘူးလို့ခံစားရတာကြောင့်ပုံမှန်လုပ်ဖြစ်ဖို့ ခက်နေတတ်တဲ့သူတွေအနေနဲ့ သူငယ်ချင်းတွေနဲ့အတူ အချိန်တစ်ခုသတ်မှတ်ပြီး Online ကနေတစ်ဆင့် စာလေ့လာကြည့်ဖို့အကြံပြုချင်ပါတယ်။

၄။ မကြာခဏဖုန်းပြောနိုင်ပါတယ်။

အခုကာလမှာ အိမ်မှာနေရခြင်းရဲ့အကျိုးကျေးဇူးတစ်ခုက အရင်ကထက်ပိုအားလပ်ချိန်တွေရှိလာတာပါပဲ။ ဒါက သင့်ရဲ့မတွေ့တာကြာလို့ သတိရနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အချိန်ပေးနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်တာကြောင့် မကြာခဏဆက်သွယ်ပြီး ရင်းနှီးမှုပိုရအောင်ပြုလုပ်နိုင်ပါတယ်။

၅။ စာအုပ်ဖတ်အဖွဲ့တစ်ခုဖန်တီးနိုင်ပါတယ်။

စာဖတ်ခြင်းကကောင်းမွန်တဲ့အကျင့်တစ်ခုဖြစ်ပြီး ကိုယ်ဖတ်ထားတဲ့အကြောင်းအရာတွေကိုလက်တွေ့ အသုံးချခြင်း နဲ့ပြန်လည်မျှဝေခြင်း စတာတွေလုပ်ပေးတာက ဘယ်စာအုပ်အမျိုးအစားကိုမဆို အချိန်အတော်ကြာမှတ်မိနေစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် စာဖတ်ရတာကြိုက်တဲ့သူငယ်ချင်း တွေနဲ့အတူ စာအုပ်ဖတ်အဖွဲ့တစ်ခုပြုလုပ်ထားပြီး သင်ဖတ်ပြီးသမျှစာအုပ်တွေအကြောင်းကို မျှဝေဆွေးနွေး ပေးတာမျိုးပြုလုပ်နိုင်ပါတယ်။

၆။ အတူတူချက်ပြုတ်ကြည့်ပါ။

တစ်ယောက်ထဲနေရတဲ့သူတွေအနေနဲ့ ချက်ပြုတ်ရတဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့အတူ ဖုန်း၊ Video Call စတာတွေခေါ်ပြီး အတူချက်ပြုတ်ကြည့်ပါ။ ချက်ပြုတ်ပြီးထမင်းစားတဲ့အချိန်အထိ စကားပြောဖော်တွေရှိနေခြင်း က သင့်ကိုအထီးမကျန်စေတော့ဘဲ စိတ်အမောပြေစေနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့အတူ ချက်ပြုတ်ပြီး တစ်နေ့တာလုပ်ငန်းတွေအကြောင်းကို အပြန်အလှန်ပြောကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar