ဘယ်အရာ၊ ဘယ်အပြုအမူကမှ သင့်ကြိုးစားချင်စိတ်ကို မဖျက်ဆီးသင့်ပါဘူး။ သင် ဝါသနာပါတာတွေကို ရှာသင့်ပြီး ကျရှုံးတဲ့အချိန် ပြန်ထနိုင်ဖို့ လိုပါတယ်။ အမြဲ လေ့လာသင်ယူနေသင့်ပြီး ငါအကုန်လုပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုး ထားသင့်ပါတယ်။ အခုဖော်ပြထားတဲ့ အချက်တွေကိုတော့ ကြိုးစားချင်စိတ် မရှိတဲ့၊ အောင်မြင်မှာ မဟုတ်တဲ့ မိန်းကလေးတွေဆီမှာ တွေ့ရတတ်ပါတယ်။

၁။ အချိန်ဆွဲတာ

များသောအားဖြင့် ကျွန်မတို့က ကိုယ်မလုပ်ချင်တဲ့ အလုပ်ဆိုရင် မနက်ဖြန်လုပ်မယ်၊ နောက်လုပ်မယ် စသဖြင့် အချိန်ရွှေ့တတ်ကြပါတယ်။ ဒီလိုနဲ့ ကိုယ်လုပ်ရမယ့် အရာတွေက နောက်ဆုတ်သွားပြီး အချိန်ကုန်သွားတတ်ပါတယ်။

၂။ စိတ်အပြောင်းအလဲများတာ

အလုပ်လုပ်နေရင်း ဖုန်းက အသံကြားတာနဲ့ ဖုန်းကို ကောက်ကိုင်တတ်တယ်၊ သီချင်းသံကြားရင် သီချင်းအလိုက် စီးမြောပြီး အလုပ်လုပ်ဖို့ မေ့သွားခြင်းကို စိတ်အာရုံ ပျံ့လွယ်တဲ့ သူတွေဆီမှာ တွေ့ရတတ်ပါတယ်​။ ဒီလိုဆိုရင် အလုပ်တွေ မပြီးနိုင်တော့ပါဘူး။

၃။ ကျရှုံးမှာကြောက်တာ

လက်ရှိ အောင်မြင်နေတဲ့သူတွေလည်း ကျရှုံးဖူးတဲ့ သူတွေပါပဲ​။ စီးပွားရေး တစ်ခုခုစခါနီး ရှုံးမှာကို ကြောက်တာ၊ အလုပ်တစ်ခုခု စတာနဲ့ အဆင်မပြေမှာ ကြောက်တဲ့ စိတ်တွေကို အောင်မြင်ချင်တယ်ဆိုရင် စွန့်လွှတ်သင့်ပါတယ်။

၄။ အဆိုးမြင်စိတ်များတဲ့ သူတွေနဲ့ နေထိုင်တာ

သင်က တစ်ခုခု စခါနီးတိုင်း အဆိုးဘက်က၊ အဆင်မပြေတာဘက်က ပြောတတ်တဲ့သူတွေ၊ ကျရှုံးဖူးတဲ့ သူတွေအကြောင်းကို ပြောပြီး သင်လည်း မဖြစ်နိုင်ကြောင်း ပြောတဲ့သူတွေက အဆိုးမြင်စိတ် များသူတွေပါပဲ။ သင့်အနေနဲ့ အောင်မြင်ချင်ရင် ဒီလိုလူတွေကို ရှောင်သင့်ပါတယ်။

၅။ ပြည့်စုံချင်လွန်းတာ

ဘာလုပ်လုပ် အကောင်းဆုံး ဖြစ်နေမှ လုပ်မယ်ဆိုတဲ့ စိတ်က ကျိန်စာတစ်ခုလိုပါပဲ။ လူတိုင်းလိုလို မပြည့်စုံတာက စခဲ့တဲ့ သူတွေချည်းပါပဲ။ သင့်ကိုယ်သင် အရှိအတိုင်း လက်ခံပေးသင့်ပါတယ်။

၆။ ကိုယ့်လုပ်နိုင်စွမ်းကို အယုံအကြည်မရှိတာ

ဒါကတော့ အဆိုးဆုံးပါပဲ။ ဘယ်ဟာပဲ လုပ်လုပ် ကိုယ် ရှုံးမှာပဲ၊ အဆင်မပြေ ဖြစ်မှာပဲ၊ ငါမလုပ်နိုင်လောက်ပါဘူးဆိုတဲ့ စိတ်ကို လုံးဝ မရှိအောင် ကြိုးစားသင့်ပါတယ်။ သင့်မိတ်ဆွေတွေ လုပ်နိုင်တယ်လို့ ယုံပေးသလို ဒီအတိုင်းပဲ သင့်ကိုယ်သင် ယုံသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar