လူအများစုက Single တွေ ဖြစ်နေပေမယ့် တစ်ခါတလေတော့ ပျော်ရွှင်ရတဲ့ အချစ်ရေးကို လိုချင်ကြပါတယ်။ ဒါပေမဲ့ အချစ်ရေးတစ်ခု မှာ ပျော်ရွှင်မှုရဖို့ ညှိနှိုင်းရမယ့် အရာတွေ၊ ကြိုးစားရမယ့် အရာတွေ အများကြီးပါပဲ။ အချစ်ရေးတစ်ခုကို ပျက်စီးစေနိုင်တဲ့ အရာတွေကတော့-

၁။ အယုံအကြည်နည်းတာ

ဆက်ဆံရေးတစ်ခုမှာ ယုံကြည်မှုတစ်ခုကို မဖြစ်မနေ လိုအပ်ပါတယ်။ ဒီယုံကြည်မှုကိုပဲ ရဖို့ ခက်ခဲသလို တည်ဆောက်ဖို့လည်း ခက်ခဲပါတယ်။ လူတွေကို အယုံအကြည်နည်းတဲ့သူတွေက အချစ်ရေးမှာ ပျော်ရွှင်ရလေ့ မရှိပါဘူး။ အချစ်ရေးကို ဖျက်ဆီးတာကလည်း တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု နည်းတာပါပဲ။

၂။ သဝန်တိုတာ

တစ်ယောက်က တစ်ယောက်အပေါ် သဝန်တိုပြီး ခဏခဏ စွပ်စွဲတာက အစက တကယ်မဟုတ်တာဟာ နောက်ပိုင်းမှာ တကယ်ဖြစ်သွားတတ်ပါတယ်။ သဝန်တိုလွန်းတာက ချစ်လို့ ဖြစ်တာ မှန်ပေမယ့် ခဏခဏ ဖြစ်နေရင်တော့ အချစ်ရေးကို ပျက်စီးစေနိုင်ပါတယ်။

၃။ အဆက်အသွယ်နည်းတာ

အနေဝေးတဲ့ ချစ်သူတွေမှာ ဒီပြဿနာကို ကြုံရတတ်ပါတယ်။ အဆက်အသွယ် သိပ်မရှိတော့တဲ့အခါ အထီးကျန်လာပြီး အနေဝေးသွားတတ်ပါတယ်။ ချစ်သူတွေအနေနဲ့ ကိုယ့်ချစ်သူကို ပုံမှန်အဆက်အသွယ် လုပ်သင့်ပါတယ်။

၄။ ဟန်ချက်မညီတာ

ဟန်ချက်မညီတဲ့ကိစ္စကို အလုပ်တာဝန်တွေများတဲ့ စုံတွဲတွေမှာ အတွေ့များပါတယ်။ ချစ်သူကို ဦးစားမပေးမိတာ၊ တခြားသူတွေကို အချိန်ပိုပေးမိတာ စတာတွေက ဟန်ချက်မညီခြင်းတွေပါ။ ဟန်ချက်ပျက်သွားတဲ့အခါ အချစ်ရေးက ပျက်စီးသွားတတ်ပါတယ်။

၅။ ပုံစံမတူတာ

တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူတာ၊ အမူအကျင့် မတူတာ၊ ခံယူချက်မတူတာတွေက အချစ်ရေးကို ပြိုကွဲစေတဲ့ ပြဿနာ တစ်ခုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အတွေးတွေ မတူတော့တဲ့အခါ အချစ်ရေးက ပျက်စီးသွားနိုင်ပါတယ်။

၆။ လက်ပါတာ

အချစ်ရေးမှာ စိတ်ဆိုးရန်ဖြစ်တဲ့အခါ လက်ပါတဲ့ သူတွေက ခံရသူတွေရဲ့ နာကျည်းမှုကို ခံစားရပါတယ်။ အချစ်ရေးတစ်ခုမှာ လေးစားမှု၊ တန်ဖိုးထားမှုကို လိုအပ်ပါတယ်။ ချစ်တဲ့သူကို ဒေါသကြောင့် ဆဲဆိုတာ၊ နှိမ့်ချပြောဆိုတာ၊ လက်ပါတာ စတဲ့ အရာတွေက အချစ်ရေးကို ခါးသီးသွားစေမယ့် ဆေးခါးရည်တွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar