မင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ကိုယ့်ပုံစံနဲ့ပက်သက်ပြီး စိတ်တိုင်းမကျဘဲ ကြည့်ရဆိုးနေသလို ခံစားနေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။ တစ်ခါတစ်ရံမှာ သင့်ကို ယုံကြည်မှုပျောက်ဆုံးစေပြီး ကြည့်ရဆိုးနေတယ်လို့ ထင်ယောင်ထင်မှားခံစားရစေတဲ့ အပြုအမူနဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါတွေနဲ့ကြုံလာတဲ့အခါ အတတ်နိုင်ဆုံးစိတ်ထဲမထားဘဲ လျစ်လျူရှုတတ်စေဖို့ ကိုယ့်ပုံစံနဲ့ပက်သက်ပြီး အဆိုးမြင်အတွေးတွေဖြစ်စေတဲ့ အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီထဲမှာ သင်ကိုယ်တိုင်ခံစားခဲ့ရတဲ့အချက်တွေပါနေမလား စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်။

၁။ Social Media မှာပုံတင်တဲ့အခါ React မရတာကြောင့်

Photo Source: Eating medical Daily

တစ်ခါတစ်ရံမှာ ပုံလှလှလေးတင်နိုင်ဖို့အတွက် ခဏခဏ Pose ပေးရတာ၊ ရိုက်ရတာမျိုးရှိပါတယ်။ ဒါပေမယ့်တင်ပြီးတဲ့နောက် ကိုယ်ထင်ထားသလို Like မရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ရုပ်ဆိုးနေသလို တွေးမိတာတွေဖြစ်လာတတ်ပါတယ်။ ဒါဟာ သင့်ပုံစံကြောင့်မဟုတ်ဘဲ တစ်ဖက်လူတွေ သတိမထားမိတာကြောင့်လည်း ဖြစ်တတ်တာမို့ သင့်အနေနဲ့လည်း ဒီလိုအရာတွေကို ဂရုမစိုက်တတ်ဖို့လိုပါတယ်။

၂။ မှန်ခဏခဏကြည့်တာကြောင့်


မှန်ကြာကြာကြည့်တတ်တဲ့အကျင့်ကလည်းမကောင်းပါဘူး။ မှန်ကြည့်တာများတဲ့အခါ ကိုယ့်မျက်နှာပေါ်ကအပြစ်အနာအဆာတွေကိုရှာမိနေသလို ဖြစ်တာကြောင့် တဖြည်းဖြည်းနဲ့ ရုပ်ဆိုးနေသလိုထင်ယောင်ထင်မှားဖြစ်လာစေနိုင်ပါတယ်။

၃။ သင့် Crush ဆီကအငြင်းခံရတာကြောင့်


သင့် Crush ဆီကအငြင်းခံရတဲ့အခါ ဒါမှမဟုတ် ချစ်သူဆီက သစ္စာဖောက်ခံရတဲ့အခါ သင့်ကိုယ်သင် ယုံကြည်မှုလျော့နည်းသွားပြီး ကိုယ့်ပုံစံကိုယ်အပြစ်တင်တာမျိုး လုပ်မိတတ်ပါတယ်။ ဒါကသင့်ကြောင့်မဟုတ်ဘဲ သူတို့ရဲ့ရွေးချယ်မှုတစ်ခုသာ ဖြစ်တာကို လက်ခံနိုင်အောင်ကြိုးစားကြည့်ပါ။ ကိုယ့်အတွက်အမှန်တကယ် သင့်တော်တဲ့သူနဲ့တွေ့လာတဲ့အခါ အပြင်ပန်းအလှက အဲ့လောက်အရေးမကြီးတော့တာကို ခံစားမိပါလိမ့်မယ်။

၄။ သင့်မိတ်ကပ်က တစ်ခုခုမှားနေတာကြောင့်


ကိုယ်နဲ့မလိုက်ဖက်တဲ့ မိတ်ကပ်နဲ့ ဆံပင်ပုံစံတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်ရုပ်ဆိုးသလို ခံစားရစေနိုင်ပါတယ်။ ဒီလိုအတွေးဝင်လာတဲ့အခါ စိတ်ညစ်မနေဘဲ သင့်ရဲ့ပုံမှန်လိမ်းနေကျ မိတ်ကပ်ပုံစံကနေ ကွဲထွက်ပြီး အပြောင်းအလဲလုပ်နိုင်အောင် ဖြေးဖြေးချင်းလေ့ကျင့်ကြည့်သင့်ပါတယ်။

၅။ စိတ်ရှုပ်စရာတွေများနေတာကြောင့်


စိတ်ရှုပ်စရာတွေရှိလာတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ်အသုံးမကျသလို၊ ပုံမှန်ထက်ရုပ်ဆိုးလာသလို ခံစားရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ယုံကြည်မှုပြန်တက်စေဖို့ သင့်ရဲ့အကောင်းမြင်စိတ်ကို မြှင့်တင်ပြီး စိတ်ဖိစီးမှုလျော့ကျစေတဲ့အရာတွေပြုလုပ်ပေးဖို့လိုပါတယ်။

၆။ ဝက်ခြံ Breakout တွေနဲ့ အနီစက်တွေထွက်နေတာကြောင့်


မျက်နှာမှာ ဝက်ခြံတွေ သိသိသာသာထွက်လာတဲ့အခါမျိုးမှာလည်း ကိုယ့်ကိုယ်ကိုယ်ရုပ်ဆိုးနေသလိုခံစားရပြီး စိတ်ဓာတ်ကျ၊ စိတ်ညစ်လာတတ်တာတွေဖြစ်ဖူးကြမှာပါ။ ဒီလိုအချိန်မျိုးမှာလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီး မကောင်းမြင်နေမယ့်အစား သင့်တော်တဲ့ Concealer တစ်မျိုးသုံးပြီးဖုံးတာ၊ အသားအရေပြန်ဂရုစိုက်တာတွေ ပြုလုပ်ပေးပါ။ အချိန်တိုအတွင်းသင်လိုချင်တဲ့ အဖုအပိန့်ကင်းတဲ့မျက်နှာလေးကိုပြန်ရလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar