အသက်ငယ်သေးတဲ့အချိန်မှာ ကိုယ်နေချင်သလိုနေတာက သိပ်ပြီးကိစ္စမရှိပေမယ့် အသက်ကြီးလာတဲ့အခါ ရင့်ကျက်သင့်တဲ့အရွယ်မှာတော့ ဒီအရာ ၆ ခုကို ပြောင်းလဲလိုက်သင့်ပါပြီ။
ငွေကြေး
အသက်ကြီးလာတဲ့အခါမှာ ပိုက်ဆံကို ပိုပြီးတန်ဖိုးထားတတ်ရပါမယ်။ ရှာသလောက် အကုန်သုံးပစ်တာမျိုးတွေ မလုပ်ပါနဲ့တော့။ ပိုက်ဆံကို စုဖို့ပဲစဉ်းစားပြီး ပိုက်ဆံပိုပွါးလာအောင်လုပ်ပါ။ အရင်ကလို လိုချင်တာမှန်သမျှ ရှေ့နောက်မကြည့်ပဲ ဝယ်တာမျိုးတွေကို ဆင်ခြင်ပြီး ကိုယ်လိုအပ်တာကိုပဲဝယ်ကာ ပိုက်ဆံကိုရရင်ရသလို စုသင့်ပါတယ်။
အပေါင်းအသင်း
အရင်လို ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့လည်း လိုက်ပေါင်းမနေတော့ပဲ ကိုယ့်အပေါ်ကောင်းတဲ့သူ၊ ကိုယ်နဲ့အဆင်ပြေတဲ့ မိတ်ဆွေစစ်၊ သူငယ်ချင်းအစစ်အမှန်တွေနဲ့ပဲ ပေါင်းပါ။ အသက်ကြီးလာတဲ့အခါမှာ အပေါင်းအသင်းများတာထက် မိတ်ဆွေစစ်ပဲလိုတယ်ဆိုတာကို သိလာပါလိမ့်မယ်။
အပြောအဆို
ရင့်ကျက်သင့်တဲ့အရွယ်တစ်ခုကို ရောက်လာရင် စကားအပြောအဆိုကအစ ပြောင်းလဲသင့်ပါတယ်။ အရင်လို ရန်ဖြစ်တာမျိုးတွေ၊ သူရိုင်းတိုင်းကိုယ်ပြန်ရိုင်းတာမျိုးတွေ မလုပ်တော့ပဲ လျစ်လျူရှုလိုက်ပါ။ စကားရှုပ်တာမျိုးတွေ၊ နေရာတကာလိုက်ပါပြီး ပြောဆိုတာမျိုးတွေက လူမုန်းများတဲ့အတွက် အဲ့လိုပြောတတ်တဲ့အကျင့်ရှိရင်လည်း ပြင်သင့်ပါတယ်။
အတွေးအခေါ်
ကလေးဆန်တဲ့စိတ်တွေကို ပြင်ဖို့လိုပါတယ်။ အတွေးအခေါ်ကအစ ပြောင်းလဲလိုက်ပါတော့။ စာများများဖတ်ပါ။ ပတ်ဝန်းကျင်နဲ့ လူတွေရဲ့အပြောကို လိုက်ဂရုမစိုက်ပါနဲ့။ ငယ်ရွယ်ခဲ့တဲ့အချိန်တုန်းကလို သူများပြောလိုက်ရင် လိုက်ဂရုစိုက်ပြီး ဝမ်းနည်းတာမျိုးတွေ မဖြစ်ပါနဲ့တော့။ ကိုယ်လုပ်စရာရှိတာကိုပဲ တစ်စိုက်မတ်မတ်နဲ့ လုပ်ပြီး ကိုယ့်အောင်မြင်မှုကိုပဲ တွေးနေပါ။
အချစ်ရေး
အချစ်ရေးနဲ့ပတ်သတ်ပြီးတော့လည်း ပြောင်းလဲသင့်နေပါပြီ။ ကိုယ့်ကိုမချစ်တဲ့သူ၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အချိန်ကုန်ခံ၊ စိတ်ပင်ပန်းခံပြီး မချစ်ပါနဲ့။ ကိုယ်နဲ့မသင့်တော်တဲ့သူတစ်ယောက်လို့ သဘောထားပြီး လက်တွဲဖြုတ်နိုင်အောင် ကြိုးစားပါ။ ဘဝမှာ အချစ်တစ်ခုထဲ အရေးကြီးနေတာ မဟုတ်ဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။
အဝတ်အစားဖက်ရှင်
အသက်ကြီးလာတဲ့အခါ ရင့်ကျက်သင့်တဲ့အရွယ်မှာ ကိုယ့်ရဲ့ အဝတ်အစား ဖက်ရှင်တွေကိုလည်း ပြောင်းလဲသင့်ပါတယ်။ ငယ်ရွယ်တုန်းကလို မဝတ်တော့ပဲ သပ်သပ်ရပ်ရပ်နဲ့ classic ဆန်တာမျိုးတွေ၊ လှပကျော့ရှင်းတာမျိုးလေးတွေကို ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။