အိမ်ထောင်ရေးကံကောင်းခြင်းကို အိမ်ထောင်ပြုမယ့် မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ဒါပေမဲ့ မိန်းကလေးတိုင်းတော့ အိမ်ထောင် ရေး ကံမကောင်းတတ်ကြပါဘူး။ အခုတစ်ခေါက်မှာတော့ အိမ်ထောင်ရေးတစ်ခုမှာ ခင်ပွန်းကောင်းတွေ ပြုလုပ်ပေးလေ့ရှိတဲ့ အရာတွေကို ဖော်ပြပါရစေ။ သင့်အနေနဲ့လည်း သင့်ခင်ပွန်းလောင်း ဒါမှမဟုတ် သင့်ခင်ပွန်းက ဒါမျိုးအရာတွေ ပြုလုပ်ပေးလေ့ရှိလား ပြန်သုံးသပ်နိုင်ပါတယ်။

၁။ ချစ်ရသူကို လှကြောင်းပြောတယ်

ဒီနေ့လှနေတယ်၊ ဒါလေးနဲ့ လိုက်တယ် စသဖြင့် သင့်အမျိုးသမီး ကောင်မလေးကို ပြောလေ့ရှိလား။ ခင်ပွန်းကောင်းတွေကတော့ ကိုယ့်ဇနီး ကို ဒီချီးကျူးစကားတွေ ပြောလေ့ရှိပါတယ်။ ငါမပြောလည်း သူသိပါတယ်ဆိုတဲ့ စိတ်မျိုး မထားသင့်ပါဘူး။ မိန်းကလေးတိုင်းလိုလို ကိုယ်ချစ်ရသူဆီက ချီးကျူးစကားကို ကြားချင်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့က သင့်အတွက် ပြင်ပြင်ဆင်ဆင် နေပေးတာပါ။

၂။ သူမအတွက် ကိစ္စသေးသေးလေးတွေ လုပ်ပေးတယ်

ကိစ္စသေးသေးလေးတွေ ဆိုတာ သူမအတွက် ချစ်ကြောင်း စာသားလေးတွေ ရေးပြီး ပို့ပေးတာ၊ သူမရဲ့ လိုအပ်ချက်တွေကို လိုက်ကြည့်ပြီး သူမ မသိခင် လုပ်ပေးလိုက်တာ၊ သူမကို အမောပြေအောင် နှိပ်ပေးတာ စတဲ့ ဂရုစိုက်မှု သေးသေးလေးတွေက သင့်ဇနီးရဲ့ ပင်ပန်းမှုတွေကို ပြေပျောက်စေပါတယ်။

၃။ သူမအတွက် အားကိုးရသူ

သူမရဲ့ အလုပ်၊ ဝါသနာကို သင့်အနေနဲ့ ပံ့ပိုးပေးသင့်ပါတယ်။ ဒီလိုပံ့ပိုးပေးတာမှာ သူမစကားတွေကို ဂရုတစိုက် နားထောင်ပေးတာလည်း ပါဝင်ပါတယ်။ သူမကို ယုံကြည်ကြောင်းလည်း သင်က ပြသသင့်ပါတယ်။ ချစ်ရသူဆီက ပံ့ပိုးမှု၊ ယုံကြည်မှုတို့က အိမ်ထောင်ရေးမှာ မဖြစ်မနေ လိုအပ်ပါတယ်။

၄။ သူမ ဘာလိုလဲ မေးပေးပါတယ်

ဖုန်းပဲ ကြည့်နေတတ်တဲ့အကျင့်ကို ပြင်ပြီး သူမကို အနီးကပ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘာတွေ လိုအပ်လဲ ခင်ပွန်းကောင်းတွေက မေးတတ်ပါတယ်။ ဘယ်သူမှတော့ တိုက်ရိုက်မမေးဘဲနဲ့ စိတ်ကို တိတိကျကျ မဖတ်နိုင်ပါဘူး။ သင့်အနေနဲ့ ခင်ပွန်းကောင်းတစ်ဦး ဖြစ်ချင်ရင် သူမ ဘာတွေ အဆင်မပြေလဲ၊ ဘာတွေ လိုအပ်လဲ မေးမြန်းသင့်ပါတယ်။

၅။ ကိုယ် ဘာလိုအပ်လဲ ပြောပြပါတယ်

သူမကိုယ်တိုင်ကလည်း သင့်စိတ်ကို မဖတ်နိုင်ပါဘူး။ သူမ အလိုချည်းပဲ လိုက်ရမယ်လို့ မဆိုလိုပါဘူး။ သင့်အနေနဲ့လည်း ဒီအိမ်ထောင်ရေးမှာ သင်ဘာတွေ လိုအပ်လဲ၊ ဘယ်လိုဖြစ်စေချင်လဲ သူမကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ ခင်ပွန်းကောင်းတွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ရှိတတ်ဖို့လိုပါတယ်။

၆။ စပယ်ရှယ် ဒိတ်တွေ ဖန်တီးတယ်

ခင်ပွန်းကောင်းတွေက သူတို့ ဇနီးအတွက် အမှတ်တရ ဖြစ်အောင်၊ ထူးခြားနေအောင် ဖန်တီးတတ်ကြပါတယ်။ သူမသဘောကျတဲ့ အစားအသောက်ဆိုင်ကို ခေါ်သွားတာ၊ သူမနဲ့ ခရီးတို ခဏထွက်ဖို့ စီစဉ်တာ၊ သူမအတွက် ထူးခြားတဲ့ လက်ဆောင်တွေ ဝယ်ပေးတာ စတဲ့ အံ့သြဖွယ်ရာတွေကို ခင်ပွန်းကောင်းတွေက စဉ်းစားပေးတတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar