မင်္ဂလာပါ ပျိုမေတို့ရေ။ အရွယ်ရောက်လာတဲ့အထိ အသားအရေလေးကောင်းနေဖို့ ဆယ်ကျော်သက်အရွယ်ကတည်းက Skincare အရွေးမမှားအောင် လေ့လာထားဖို့လိုပါတယ်နော်။ နုပျိုဆဲ ဆယ်ကျော်သက်အချိန်က အသားအရေပျက်စီးမှုနည်းပေမယ့် ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံနဲ့ အပူဖုတွေ စထွက်တတ်တဲ့ အရွယ်ဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ Skincare အဆင့်များများလုပ်ဖို့ မလိုပေမယ့် တကယ်ထိရောက်တဲ့ အသားအရေထိန်းသိမ်းမှုလေးတွေ စလုပ်ပေးတာက သင့်ကို အသက်ရလာတဲ့အထိ အကျင့်ရစေမှာပါ။

ဒါကြောင့်မို့ Skincare စလုပ်မယ့် ဆယ်ကျော်သက်မိန်းကလေးတိုင်း အသားအရေထိန်းသိမ်းရာမှာ ပြုလုပ်ပေးသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မျက်နှာသန့်စင်တဲ့အဆင့်ကို သေချာလုပ်ပေးပါ


ချွေးပေါက်ပိတ်ပြီး ဝက်ခြံမထွက်ရအောင် မျက်နှာ သန့်စင်တဲ့အဆင့်ကအရမ်းအရေးကြီးပါတယ်။ မိတ်ကပ်လိမ်းတတ်တဲ့သူတွေ၊ ချွေးထွက်များတဲ့သူတွေက Double Cleansing ပုံစံလုပ်ပေးပါ။ အဆီပြန်ပြီး ဝက်ခြံရှိသူတွေအနေနဲ့ Salicylic Acid ပါတဲ့ Gel ဒါမှမဟုတ် Foam Cleanser တွေသုံးပေးပါ။ ဆယ်ကျော်သက်အများစုက အသားခြောက်သူတွေဖြစ်တာမို့ မျက်နှာသစ်ပြီးတဲ့နောက် အသားအိအိလေးဖြစ်စေမယ့် Cream Cleanser အပျော့လေးတွေ သုံးပေးသင့်ပါတယ်။

၂။ Alcohol မပါတဲ့ Toner တစ်မျိုးသုံးပါ


မျက်နှာသစ်ပြီးနောက် ဖုန်နဲ့ အဆီအကျန်တွေမရှိရအောင် Toner လိမ်းပြီး သန့်စင်ပေးရပါမယ်။ Alcohol ပါတဲ့ Toner တွေက ဆယ်ကျော်သက်အသားအရေနုနုကို ထိစေတာမို့ Alcohol Free ဖြစ်တဲ့ သဘာ၀ Toner တွသုံးပေးဖို့ မမေ့သင့်ပါဘူး။

၃။ Moisturizer နေ့စဉ်အသုံးပြုပါ


Skin Type အားလုံးအတွက်လိုအပ်တဲ့ အဓိက Skincare အဆင့်က Moisturizer နေ့တိုင်းလိမ်းပေးဖို့ပါပဲ။ အသားအရေအစိုဓာတ်ရနေဖို့ အရမ်းအရေးကြီးတာမို့ လိမ်းရပေ့ါပါးတဲ့ Moisturizer လေးတွေ ပုံမှန်သုံးပေးပါ။ စိမ့်ဝင်မှုကောင်းအောင် မျက်နှာသစ်ပြီး ရေနည်းနည်းစိုနေတဲ့အချိန် လိမ်းပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

၄။ Sunscreen ပုံမှန်လိမ်းပါ


Sunscreen က အသားအရေကျန်းမာဖို့အတွက် အသက်အရွယ်မရွေး လိုအပ်တဲ့ Skincare ဖြစ်တာမို့ ပုံမှန် လိမ်းတဲ့ အကျင့်လေးလုပ်ပေးပါ။ ဆယ်ကျော်သက်ကတည်းက Sunscreen စသုံးပေးတာက အသက်ရလာတဲ့အခါ အရေးအကြောင်းနဲ့ အမဲစက်စတဲ့ အရေပြားပြဿနာတွေ လျော့ချပြီးသား ဖြစ်စေပါလိမ့်မယ်။

၅။ ရံဖန်ရံခါ Exfoliate (သို့) Sheet Mask ကပ်တာတွေလုပ်ပေးပါ


ဆဲလ်သေတွေဖယ်ရှားပြီး အသားကြည်ဖို့ တစ်ပတ် တစ်ခါလောက် မျက်နှာ Exfoliate လုပ်တာ ဒါမှမဟုတ် Sheet Mask ကပ်တာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ အသားအရေနုသေးတဲ့အရွယ်ဖြစ်တာမို့ တစ်ပတ် နှစ်ကြိမ်လောက်ထပ်ပိုပြီး မျက်နှာချေးချွတ်တာမျိုးကိုတော့ ရှောင်ပေးပါ။

၆။ မသန့်တဲ့လက်နဲ့ မျက်နှာကို မထိမိအောင် သတိထားပါ


မျက်နှာကို လက်နဲ့ခဏခဏထိတာက ပိုးဝင်ပြီး ဝက်ခြံ Breakout တွေ ထွက်တတ်ပါတယ်။ ဝက်ခြံထွက်နေတဲ့အချိန် လက်နဲ့ ခဏခဏကိုင်တာ၊ ညှစ်တာတွေကလည်း ဝက်ခြံအမာရွတ် ကျန်စေတာမို့ တတ်နိုင်သလောက် မသန့်တဲ့လက်နဲ့ မျက်နှာကိုမထိအောင်ထားပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar