သင်က ဖက်ရှင်ဆိုင်မှာ အင်္ကျီသွားဝယ်မယ်ပဲထားပါတော့ သင့်ကိုအရောင်းဝန်ထမ်းတွေက သူတို့ကုန်ပစ္စည်းများများဝယ်အောင် သင့်ကို ပိုက်ဆံများများဖြုန်းစေချင်ကြပါတယ်။

ဒါ့ကြောင့် စာဖတ်သူတွေအတွက် ပိုက်ဆံမကုန်ရလေအောင် အဝတ်အစားဆိုင်ပိုင်ရှင်တွေက ဘယ်လိုလှည့်ကွက်တွေ သုံးထားလဲဆိုတာ ဖော်ပြပေးလိုက်တယ်နော်။

ဒစ်စကောင့်ချခြင်း

ဒစ်စကောင့်ချနေပြီဆိုတဲ့ အသံကြားရင် ပျော်ကြတယ်မလား။ တကယ်တော့ ဒစ်စကောင့်ချတာက ဝယ်သူတွေ အကျိုးရှိစေတာထက်စာရင် ဆိုင်ပိုင်ရှင်တွေအတွက် ပိုအကျိုးရှိတာပါ။ ပုံမှန်ဈေးနဲ့ဆို သင်ဝယ်ဖို့စိတ်မကူးထားတဲ့အရာကို ဝယ်ချင်လာအောင် ဆွဲဆောင်နေတာပါပဲ။

ဈေးကြီးပေးတဲ့ အဝတ်အစားရဲ့ အရည်အသွေးကလည်း ပုံမှန်အဝတ်အစားရဲ့ အရည်အသွေးနဲ့အတူတူပါပဲ

နာမည်ကြီးကုမ္ပဏီတွေက နာမည်ကြီးဒီဇိုင်နာတွေနဲ့ ပူးပေါင်းပြီး အဝတ်အစားဖန်တီးကြပါတယ်။ ပုံမှန်အဝတ်အစားနဲ့ နာမည်ကြီးဒီဇိုင်နာတွေရဲ့အဝတ်အစားကွာခြားချက်ကတော့ အရေအတွက်ကန့်သတ်ထားခြင်းပဲဖြစ်ပါတယ်။

ဈေးချထားတဲ့ နေရာကို တမင်တကာဖရိုဖရဲဖြစ်အောင် လုပ်ထားခြင်း

ဈေးဝယ်ထွက်ရင်းနဲ့ ၂၀ ရာခိုင်နှုန်းဒစ်စကောင့်တို့ ဘယ်လောက်ရာခိုင်နှုန်းဒစ်စကောင့်လို့ ရေးထားတဲ့ နေရာမှာ ရှုပ်ပွနေအောင်လုပ်ထားတာ သင်တွေ့ရပါလိမ့်မယ်။ အဲ့ဒီလိုပုံလျက်သားလေး ရှုပ်ပွနေတဲ့နေရာကို ဈေးဝယ်သူတွေတွေ့သွားတဲ့အခါ ပျော်ရွှင်သွားပြီး ချက်ချင်းဝယ်ချင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ အသုံးပြုထားခြင်း

အဝတ်အစားအညွှန်းထဲမှာ ၁၀၀ ရာခိုင်နှုန်း သဘာဝပစ္စည်းဖြစ်ပါတယ်လို့ ရေးထားရင်တောင်မှ သင့်ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ အဝတ်အစားထုတ်လုပ်သူတွေက အင်္ကျီအဝတ်အစားများကို အင်းဆက်ပိုးမွှားများရန်မှကာကွယ်ဖို့အတွက် အရောင်နဲ့ အထည်တွေကြည့်ကောင်းဖို့အတွက် ဓာတုပစ္စည်းများအသုံးပြုထားပါတယ်။ ဒါ့ကြောင့် အဝတ်အစားမဝတ်ခင်မှာ အရင်ဆုံးလျှော်ဖွတ်ခြင်းက ဘေးအကင်းဆုံးပါပဲ။

ဒီဇိုင်နာများထုတ်လုပ်ထားတဲ့ အဝတ်အစားများနဲ့ တုပပြုလုပ်ထားခြင်း

ခမ်းနားတဲ့ဆိုင်တွေမှာ ခင်းကျင်းပြသထားတဲ့ ဒီဇိုင်နာတွေရဲ့အဝတ်အစားတွေက ဈေးကြီးလွန်းတာကြောင့် ဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အရည်အသွေးနိမ့်တဲ့ ပစ္စည်းအတုများကို ဆိုင်ခန်းငယ်တွေမှာ ရောင်းချလေ့ရှိပါတယ်။

ဖက်ရှင်ရေစီးကြောင်းက တစ်ပတ်တစ်ခါပြောင်းလဲလေ့ရှိပါတယ်

ဈေးဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အင်္ကျီအဝတ်အစားတွေကို တစ်ပတ်ပြီးတစ်ပတ် ဆိုင်မှာ အသစ်တင်သွင်းပြီး ခင်းကျင်းပြသရောင်းချလေ့ရှိပါတယ်။ ဈေးဝယ်သူတွေကလည်း ဖက်ရှင်ကျချင်တော့ အမျိုးမျိုးလိုက်ဝယ်ရတော့တာပေါ့။

Source: Brightside.me