အချို့သောအနုပညာရှင်တွေက သူတို့ကျော်ကြားတဲ့နယ်ပယ်အပြင် ပရိသတ်တွေထင်မထားတဲ့ နေရာတွေမှာလည်း အရည်အချင်းတစ်ခုထက်ပိုထူးချွန်နေတတ်ကြပါတယ်။ ဒီလိုဘက်စုံတော်တဲ့သူတွေ ဖြစ်ကြတာကြောင့်လည်း ကမ္ဘာတစ်ဝန်းကပရိသတ်တွေရဲ့လေးစားအားကျချစ်ခင်မှုကိုရလေ့ရှိကြတာပါ။ အောက်မှာဖော်ပြထားတဲ့ အနုပညာရှင်တွေဟာဆိုရင်လည်း ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေအဖြစ်နဲ့လူသိကြများပေမယ့် တကယ်တမ်းမှာ သီချင်းပါဆိုတတ်ကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဒီလိုအရည်အချင်းရှိတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ Robert Downey Jr

Marvel ရုပ်ရှင်နှစ်သက်သူတိုင်းသိကြတဲ့ “Iron Man” ဇာတ်ကောင်ရဲ့သရုပ်ဆောင်မင်းသားကြီး Robert Downey Jr ဟာဆိုရင် သရုပ်ဆောင်ကောင်းရုံမက သီချင်းအဆိုကောင်းတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ခံစားချက်အပြည့်နဲ့စိတ်ကူးယဉ်စရာကောင်းတဲ့ အသံမျိုးကို ပိုင်ဆိုင်ထားပြီး ၂၀၀၄ ခုနှစ်လောက်က “The Futurist” ဆိုတဲ့ပွဲဦးထွက်သီချင်းခွေကိုပါ ထုတ်ခဲ့ဖူးပါတယ်။ ငယ်စဉ်ထဲက Cover သီချင်းတွေဆိုခဲ့တဲ့အပြင် သူသရုပ်ဆောင်တဲ့ဇာတ်လမ်းတွေရဲ့ ဇာတ်ဝင်သီချင်းတွေမှာလည်း ကိုယ်တိုင်ပါဝင်သီဆိုခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

၂။ Scarlett Johansson

ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ကြေးအမြင့်ဆုံးမင်းသမီးတစ်ဦးဖြစ်တဲ့ Scarlett ဟာလည်း သီချင်းဆိုနိုင်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၀၈ ခုနှစ်ထဲက ကိုယ်ပိုင် Album နှစ်ခွေနဲ့အတူ သီချင်းတော်တော်များများထွက်ရှိထားသူဖြစ်ပါတယ်။ အသံအားကောင်းကောင်းနဲ့ Rock သီချင်းတွေသီဆိုနိုင်သူဖြစ်ပြီး Animated ကာတွန်းဇာတ်လမ်းကြိုက်သူတိုင်းသိကြတဲ့ “Sing” ဇာတ်ကားမှာ “Ash” ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်အနေနဲ့ “Set It All Free” လို့ခေါ်တဲ့သီချင်းကို ပါဝင်သီဆိုခဲ့ပါသေးတယ်။

၃။ Jensen Ackles

Supernatural ဇာတ်လမ်းတွဲနဲ့ကျော်ကြားတဲ့ မင်းသား Jensen Ackles ကလည်း သရုပ်ဆောင်ပိုင်းအပြင် ဂီတဘက်မှာပါကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ကြောင်းကို သူကိုယ်တိုင်ဂီတာတီးပြီး ပရိသတ်တွေနဲ့အတူ သီဆိုခဲ့တဲ့ “Sweet Home Alabama” သီချင်းဖျော်ဖြေမှုမှာ နားဆင်ကြည့်နိုင်ပါတယ်။

၄။ Ryan Gosling

ချောမောခန့်ညားပြီး ထူးခြားတဲ့ဇာတ်ကောင်အမျိုးမျိုးကိုသရုပ်ဆောင်နိုင်တဲ့ ဟောလိဝုဒ်မင်းသား Ryan ကလည်း ငယ်စဉ်ထဲက အဆို၊အကပြိုင်ပွဲတွေမှာပါဝင်ခဲ့ပြီး ဘက်စုံတော်တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်လောက်က “Dead Man’s Bones” လို့ခေါ်တဲ့ဖျော်ဖြေရေးအဖွဲ့မှာပါဝင်ခဲ့ပြီး သီချင်းငြိမ့်ငြိမ့်လေးတွေသီဆိုခဲ့ဖူးပါတယ်။

၅။ Jada Pinkett-Smith

ဆွဲဆောင်မှုရှိတဲ့ American မင်းသမီးကြီးတစ်ဦးဖြစ်ပြီး ကမ္ဘာကျော်မင်းသား Will Smith ရဲ့ဇနီးလည်းဖြစ်တဲ့ Jada Pinkett ဟာဆိုရင် ၂၀၀၂ ခုနှစ်မှာ ‘Wicked Wisdom’ လို့ခေါ်တဲ့ Rock ဂီတအဖွဲ့ရဲ့ အဓိကအဆိုတော် အဖြစ်တာဝန်ယူသီဆိုခဲ့ပါတယ်။ သူမဟာ အဖွဲ့နဲ့အတူ ၂၀၀၆ ခုနှစ်မှာ ပွဲဦးထွက် Album ထွက်ရှိခဲ့ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေပါပြုလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။

၆။ Robert Pattinson

Twilight ဇာတ်လမ်းတွဲတွေရဲ့အဓိကသရုပ်ဆောင်အနေနဲ့ လူကြိုက်များခဲ့တဲ့ Robert Pattinson ကလည်း သီချင်းငြိမ့်ငြိမ့်လေးတွေကို ခံစားချက်အပြည့်နဲ့သီဆိုတတ်ပြီး ထူးခြားတဲ့အသံကိုပါပိုင်ဆိုင်ထားတဲ့မင်းသား တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဂီတာတစ်လက်နဲ့ဖျော်ဖြေမှုက နားထောင်သူတိုင်းကိုသီချင်းနဲ့အတူ စီးမြောစေပါတယ်။

Source: YouTube.com

By MyStyle Myanmar