မင်္ဂလာပါနော်။ လည်ပင်းတစ်ဝိုက်အဆီပိုတွေ မို့ထွက်နေသလို လည်တိုင်တိုနေသလို ခံစားရလို့ ပြုပြင်ချင်တယ်ဆိုတဲ့သူတွေအတွက် ကျော့ရှင်းတဲ့ လည်တိုင်ရှည်ရှည်သွယ်သွယ်လေး ပိုင်ဆိုင်စေမယ့် လည်ပင်း Stretch လေ့ကျင့်ခန်းလုပ်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်လို့ အချိန်နဲ့နေရာမရွေးလုပ်လို့ရသလို ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နှစ်ပတ်လောက်အတွင်း လည်ပင်းဘေးအသားတွေကို ကျစ်လျစ်လာစေမှာပါ။
Chin To Chest Neck Stretch

ပထမဆုံး လည်တိုင်ကိုရှေ့ထုတ်ပြီး မေးစေ့နဲ့ လည်ပင်းထိတဲ့ အနေအထားရောက်အောင် ခေါင်းငုံ့ချပေးပါ။ စက္ကန့် ၃၀ လောက်ငုံ့ထားပြီး ဖြေးဖြေးချင်းပြန်မော့ပေးရုံပါပဲ။ ၁၅ စက္ကန့်လောက်နားပြီး ဒီပုံအတိုင်း နောက်တစ်ကြော့ပြန်လုပ်ပေးပါ။
Neck Twist
Photo Source: Medical News Today
လည်ပင်းကြောကိုလျှော့ချထားပြီး ခေါင်းကို အနောက်နံရံမြင်ရလောက်တဲ့အထိ တစ်ဖက်လှည့်ကြည့်ပေးပါ။ လှည့်တဲ့အနေအထားအတိုင်း ၁၀ စက္ကန့်လောက်နေပေးရပါမယ်။ အချိန်ပြည့်တဲ့အခါ ဖြေးဖြေးချင်းရှေ့ပြန်လှည့်ကြည့်ပါ။ နောက်တစ်ဖက်ကိုလည်း အလားတူလုပ်ပေးရပါမယ်။
Pursed Lips Neck Stretch

ခန္ဓာကိုယ်အပေါ်ပိုင်းမတ်ထားပြီး မျက်နှာကြက်ကို မော့ကြည့်ပေးပါ။ မော့ထားပြီးနောက် လည်ပင်းကြောတွေတင်းသွားတဲ့အထိ နှုတ်ခမ်းဆူပေးရပါမယ်။ ဒီအတိုင်း ၁၀ စက္ကန့်လောက်နေပြီး ခေါင်းပြန်ချနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ အချိန်ရသလောက် ၁၀ ကြိမ်မှ အကြိမ် ၂၀ လောက် လုပ်ပေးနိုင်ပါတယ်။
Tongue Push

လက်သီးတစ်ဖက်ဆုပ်ပြီး မေးစေ့အောက်ထောက်ထားကာ လျှာထုတ်ပေးပါ။ လျှာထုတ်ထားရင်း လက်သီးနဲ့ မေးစေ့ကိုတွန်းပြီး မေးရိုးကို အောက်ချပေးရပါမယ်။ ၅ စက္ကန့်လောက်နေပြီး ဒီပုံအတိုင်း နောက်တစ်ကြော့ပြန်လုပ်ပေးပါ။ တစ်နေ့ ၁၅ ကြော့လောက်လုပ်ပေးနိုင်ပါတယ်။
Neck Stretches

မေးရိုးနဲ့ လည်ပင်းအသားတွဲကျတာသက်သာစေမယ့် Stretch လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်နှစ်ဖက်နဲ့ လည်ပင်းညှပ်ရိုးကို ဖိထားပြီး ခေါင်းကိုမော့နိုင်သလောက် မော့ထားပေးပါ။ ခေါင်းမော့တဲ့အခါ လျှာကိုအာခေါင်မှာ ထိထားရမှာပါ။ ဒီအတိုင်း ၁၀ စက္ကန့်မော့ထားပြီး အောက်ပြန်ချနိုင်ပါတယ်။
Fish Lips

ပါးနှစ်ဖက်ကို ပါးစပ်အတွင်းထဲရောက်အောင်စုပ်ပြီး စက္ကန့် ၃၀ လောက်ထိန်းထားလိုက်ပါ။ စက္ကန့် ၃၀စီ လေး၊ ငါးကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။ ပါးနဲ့မေးရိုးကို ကျစ်လျစ်စေပြီး လည်ပင်းအဆီပါ ကျစေမှာပါ။
Photo Source: Pinterest
By MyStyle Myanmar