အသက်ငယ်ပုံပေါ်သလို ဓာတ်ပုံရိုက်လို့လည်းလှတဲ့ မျက်နှာကျသွယ်သွယ်လေးကို မလိုချင်တဲ့သူရယ်လို့ မရှိပါဘူးနော်။ ဒါပေမယ့် ကိုယ်က မျက်နှာကြီးတဲ့သူဖြစ်နေလို့ စိတ်ညစ်နေရတယ်ဆိုရင် အရင်ဆုံး Hairstyle ကို ပြောင်းကြည့်ဖို့ အကြံပေးပါရစေ။ အချို့ဆံပင်စတိုင်တွေက ပုံကျရင်ကျသလို မျက်နှာပုံစံကို လုံးဝပြောင်းလဲသွားစေပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ မျက်နှာကြီးတဲ့ပျိုမေတို့အတွက် ထွေထွေထူးထူး ပြုပြင်စရာမလိုဘဲ V-Shape မျက်နှာလေးရစေမယ့် ဆံပင်စတိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

၁။ Hime Cut နဲ့ ရှေ့ဆံမြိတ်

ရှေ့အတိုနောက်အရှည် နှစ်ထပ်ကေပုံစံ Hime Cut က မျက်နှာကြီးတဲ့သူတွေအတွက်ကွက်တိပါပဲ။ ရှေ့ဆံမြိတ်နဲ့ မေးစေ့အထိရှည်တဲ့ ရှေ့ဆံပင်အထပ်က မျက်နှာဘေးဘက်ကိုဖုံးပေးတာမို့ သင့်မျက်နှာကို သေးသေးလေးလိုမြင်ရစေမှာပါ။

၂။ မျက်နှာရှေ့ဝဲကျနေတဲ့ အထပ်ကေ

ရှေ့ဆံပင်ကိုအရှည်ထားပြီး ပုံထဲကလို မျက်နှာရှေ့ခပ်ဝဲ၀ဲလေးကွေးထားတဲ့ပုံစံလေးကလည်း မျက်နှာကိုတစ်ဝက်လောက်ဖုံးပေးတာမို့ မျက်နှာလေးသွယ်သွားသလိုမြင်ရစေမှာပါ။

၃။ Curtain Bang နဲ့ လှိုင်းတွန့်အကောက်

Curtain Bang လို့ခေါ်တဲ့ ရှေ့ဆံမြိတ်ဘေးကွဲဝိုက်ဝိုက်လေးတွေကလည်း မျက်နှာကျလေးသွယ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ သင့်အနေနဲ့ ဒီလို ဆံမြိတ်ပုံစံကို လှိုင်းတွန့်အကောက်လေးတွေနဲ့တွဲပြီးထားကြည့်ပါ။ ဆံပင်အုံထူထူလေးမြင်ရပြီး မျက်နှာသေးသွားပါလိမ့်မယ်။

၄။ Curtain Bang နဲ့အထပ်ကေ

ဘေးကွဲဆံမြိတ်လေးကိုမှ ဆံပင်အကောက်မထားချင်တဲ့သူတွေက အထပ်ကေလေးနဲ့တွဲပြီးထားကြည့်ပါ။ ရှေ့ဆံပင်လေးကိုအလိပ်လေးဖြစ်အောင် သေချာပုံသွင်းပေးရင်ပိုလှပါတယ်။

၅။ ရိုးရိုးရှေ့ဆံမြိတ်ဆံပင်

ဆံမြိတ်ညီညီလေးချထားတဲ့ဆံပင်ကေလေးက မိန်းကလေးအများစုထားတတ်ကြတဲ့ Hairstyle လေးဖြစ်သလို့ နဖူးလေးအုပ်ပြီး မျက်နှာပါသေးသွားသလိုမြင်ရပါတယ်။

၆။ Hair Accessories လေးတွေနဲ့ ဆံပင်

ဆံပင်ချရတာရိုးလာတဲ့သူတွေအနေနဲ့ ကိုယ်ကြိုက်ရာ Hair Accessories လေးတွေဝတ်ပြီး ဆံပင်စတိုင်ပြောင်းပေးတာကလည်း သင့်ဆံပင်လေးကို ပိုထင်းသွားစေတာမို့ မျက်နှာကြီးနေတာ မသိသာတော့ပါဘူး။ ဖဲပြားကလစ်၊ ဘီးကုပ်နဲ့ Claw Clip စတဲ့ ကိုယ့်ဆံပင်အရှည်နဲ့လိုက်မယ့် Accessories ခပ်ကြီးကြီးလေးတွေရွေးပြီး ဝတ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar