မင်္ဂလာပါနော်။ နေတိုင်းနီးပါး မိတ်ကပ်လိမ်းရတဲ့သူတွေအနေနဲ့ မလိမ်းခင်မှာ Skincare ပုံမှန်လုပ်ဖြစ်ရဲ့လား။ မိတ်ကပ်လိမ်းခါနီးတိုင်း Skincare အရင်သုံးပေးတာက အသားအရေ မထိခိုက်ဘဲ မိတ်ကပ်သား စိမ့်ဝင်အားကောင်းပြီး တစ်သားတည်းညက်နေဖို့ ကူညီပေးပါတယ်။ အသားမခြောက်ဘဲ စိုစိုလေးဖြစ်နေစေတာမို့ မိတ်ကပ်လိမ်းရတာလည်း ပိုအဆင်ပြေမှာပါ။ ဒီလိုမျိုး မိတ်ကပ်မလိမ်းခင် Skincare သုံးတဲ့အခါမှာလည်း ထိထိရောက်ရောက်ဖြစ်ဖို့ အဆင့်လေးတွေမှန်အောင် လိမ်းတတ်ဖို့လည်းလိုပါတယ်။ ဒါတွေသိထားနိုင်ဖို့ မိတ်ကပ်မလိမ်းခင်သုံးသင့်တဲ့ Skincare တွေအကြောင်းကို တစ်ဆင့်ချင်းဖော်ပြလိုက်ပါတယ်။

အဆင့် ၁ – မျက်နှာသစ်ပါ


မျက်နှာအတွက် Cleanser ကောင်းကောင်းသုံးပြီး သန့်စင်ပေးတာကလည်း အရေးပါတဲ့ Skincare အဆင့်တစ်ခုပါနော်။ Cleansing သေချာလုပ်တာက ဝက်ခြံနဲ့ အသားရောင်မွဲတာ သက်သာစေတဲ့အပြင် မျက်နှာမှာရှိနေတဲ့ အညစ်အကြေး၊ အဆီနဲ့ မိတ်ကပ်အကျန်တွေ ဖယ်ရှားပြီးသားဖြစ်စေမှာပါ။

အဆင့် ၂ – Toner စသုံးပါ


မျက်နှာသစ်ပြီးပြီဆိုရင် Toner ကနေ စသုံးတာက အကောင်းဆုံးပါပဲ။ Toner က အသားအရေ pH ပမာဏကို ညှိနေပြီး မျက်နှာမှာကျန်နေနိုင်တဲ့ ဖုန်၊ အညစ်အကြေးတွေကို အရှင်းပြောင်သွားစေပါတယ်။ ဘာမှမလိမ်းခင် သူ့ကို ကြိုသုံးလိုက်တာက နောက်လိမ်းမယ့် Skincare တွေလိမ်းတဲ့အခါ ချွေးပေါက်ထဲထိ စိမ့်ဝင်အားပိုကောင်းပြီး ချွေးပေါက်ထဲထိ စိမ့်ဝင်စေမှာပါ။

အဆင့် ၃ – Serum သုံးပါ


Serum က အရေးအကြောင်းအတွက်ရော အသားအရေအစိုဓာတ်အတွက်ပါ အားဖြည့်ပေးတဲ့ Skincare တစ်ခုပါနော်။ Serum အများစုက အရည်အမျိုးအစားဖြစ်လို့ အသားထဲစိမ့်ဝင်လွယ်ပါတယ်။ Serum ခံပြီးမှ မိတ်ကပ်လိမ်းတာက အသားအရေကို ပြောင်ပြောင်တင်းတင်းလေးဖြစ်နေစေမှာပါ။

အဆင့် ၄ – Moisturizer သုံးပေးပါ


မိတ်ကပ်လိမ်းတဲ့အခါ အသားမခြောက်နေဖို့ Moisturizer သုံးဖို့ အရေးကြီးပါတယ်။ တစ်ချို့မိတ်ကပ်သားတွေက အသားအရေကို ပိုပြီးခြောက်သွေ့စေတာမို့ Moisturizer ခံထားတာက တိုက်ရိုက်မထိအောင်ကာကွယ်ပြီးသားဖြစ်မှာပါ။

အဆင့် ၅ – Eye Cream သုံးပါ


နဂိုမျက်ကွင်းညိုတတ်တဲ့သူဆိုရင် မိတ်ကပ်မလိမ်းခင် Eye Cream တစ်မျိုးအရင်သုံးပေးတာ ပိုကောင်းပါတယ်နော်။ သူက မျက်အိတ်ဖောင်းတာကိုပါ မသိသာစေတာမို့ အိပ်ရေးပျက်ထားပြီး မိတ်ကပ်လိမ်းရင်တောင် ပင်ပန်းနေပုံမပေါက်တဲ့အပြင် အစိုဓာတ်ဖြည့်ပြီးသားလည်းဖြစ်ပါတယ်။

အဆင့် ၆ – Sunscreen လိမ်းပါ


နေလောင်ဒဏ်ကနေ အသားအရေကိုကာကွယ်ဖို့အရေးကြီးတာမို့ မိတ်ကပ်မလိမ်းခင် အမြဲ Sunscreen လိမ်းရပါတယ်နော်။ သူ့ကို Skincare တွေရဲ့ နောက်ဆုံးအဆင့်အနေနဲ့လိမ်းပေးပါနော်။ မိတ်ကပ်စိမ့်ဝင်မှုပိုရှိတဲ့အပြင် အသားအရေကိုပိုပြီး အကာအကွယ်ဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar