အသားအရေထိန်းသိမ်းရတာက တကယ်တမ်းအကုန်အကျ အရမ်းများပါတယ်နော်။ ဒါတောင်မှ တစ်ချို့ပစ္စည်းတွေက သုံးပြီးမှ မသိသာတာ၊ ကိုယ့်အသားအရေနဲ့ မတည့်တာမျိုးတွေ ဖြစ်ရင် ကိုယ့်အသားအရေက ပိုဆိုးသွားမှာပါ။ ဒါတွေသက်သာဖို့ ငွေကုန်ခံဖို့မလိုတဲ့ အသားအရေထိန်းသိမ်းနည်းတွေ ရှိတယ်ဆိုရင် သိချင်ကြလား။ စိတ်ဝင်စားတဲ့သူတွေအတွက် ပိုက်ဆံတစ်ပြားမှမလိုဘဲ အသားအရေကြည်လင်လာအောင် လုပ်လို့ရတဲ့နည်းတွေကို မျှဝေပေးပါရစေ။

၁။ ရေဓာတ်ဖြည့်ပါ


ရေသောက်တာက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး Skincare နည်းတစ်ခုပါနော်။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်နေတဲ့အခါ Dry Skin ပြဿနာတွေကနေ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တစ်နေ့အနည်းဆုံး ရေ ၂လီတာ သောက်တတ်တဲ့အကျင့်သာလုပ်ပေးပါ။ ကိုယ်တွင်းအဆိပ်အတောက်တွေပျယ်ပြီး စိတ်ရောကိုယ်ပါလန်းဆန်းကာ အသားလေးကြည်လာပါလိမ့်မယ်။

၂။ အချိန်မှန်မှန် အိပ်ရာဝင်ပါ


အိပ်ချိန်က အသားအရေကျန်းမာရေးအတွက်အရမ်းအရေးပါပါတယ်။ အိပ်ချိန်အရမ်းနောက်ကျနေရင် Skincare ဘယ်လောက်လုပ်လုပ် အချည်နှီးပါပဲ။ မျက်နှာအသားအရောင်ကမွဲခြောက်ပြီး မျက်တွင်းတွေချောင်ကာ ပင်ပန်းနေသလိုပဲမြင်ရမှာပါ။ အရမ်းနောက်မကျတဲ့ အိပ်ချိန်တစ်ခုသတ်မှတ်ထားပြီး အနည်းဆုံး ၇ နာရီပြည့်အောင် အိပ်ပေးပါ။

၃။ နေရောင်နဲ့ ခဏတာထိတွေ့ပါ


နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာက အသားအရေပျက်စီးစေတာကို အားလုံးသိကြမှာပါ။ ဒါပေမယ့် နေရောင်ခြည်မှာပါတဲ့ ဗီတာမင် D ဓာတ်က ခန္ဓာကိုယ်ထဲမှာ ဆဲလ်အသစ်တွေဖြစ်ဖို့ အားပေးပါတယ်။ ဒါကြောင့်မို့ ခဏတဖြုတ်လောက် နေရောင်ခံပေးတာမမှားပါဘူး။ နေမလောင်ရအောင် နေအရမ်းမပြင်းတဲ့ မနက်စောစောလို အချိန်မျိုးမှာ ၁၅ မိနစ်ထက်မပိုဘဲ နေပူစာလုံတာမျိုး လုပ်နိုင်ပါတယ်။

၄။ အစားအသောက်ရွေးချယ်မှုကို ဂရုစိုက်ပါ


အသားအရေကောင်းဖို့ ကိုယ်စားတဲ့အစားအသောက်နဲ့လည်းဆိုင်ပါတယ်။ လတ်ဆတ်ပြီး အဆီနည်းတဲ့ အသီးအရွက်တွေ Vitamin ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေရွေးချယ်စားပေးပါ။ သီးသန့် ငွေကုန်ခံစရာမလိုဘဲ Skin အတွက်လိုအပ်တဲ့အာဟာရတွေဖြည့်ပြီးသား ဖြစ်စေပါလိမ့်မယ်။

၅။  စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ


စိတ်ဖိစီးမှုများနေရင် အသားအရေကပါ အရေးအကြောင်းထွက်လွယ်ပြီး ရုပ်ရင့်လာတတ်ပါတယ်။ တတ်နိုင်သလောက် Stress မများအောင်နေပေးတာက ငွေမကုန်ဘဲ အသားအရေကို ထိန်းသိမ်းရာရောက်စေမှာပါ။

၆။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ


လေ့ကျင့်ခန်းလုပ်တာက Stress လည်းပြေသလို ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေက ချွေးနဲ့အတူထွက်သွားတာမို့ ဘာမှသိပ်အားစိုက်စရာမလိုဘဲ အသားအရေကြည်လင်စေပါတယ်။ အပြင်းအထန်လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်အောင် ချွေးထွက်သွားတဲ့အထိ လှုပ်လှုပ်ရှားရှားနေပေးပါ။

Photo Source: Pinterest

By MyStyle Myanmar