မင်္ဂလာပါနော်။ မနက်ပိုင်းစောစောထတာက တစ်နေ့တာလုံး စိတ်ကြည်လင်ကာ အလုပ်တွေပို ပြီးမြောက်စေတဲ့အပြင် ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အကျင့်ကောင်းတစ်ခုဖြစ်တာကို စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ များသောအားဖြင့် မနက်စောစော ထဖို့ခက်ခဲနေသူတွေဟာ နောက်ကျမှ အိပ်တာ၊ အချိန်ကြာကြာဖုန်းကြည့်တာ၊ မနက်ခင်း ပုံမှန်လုပ်ရမယ့် အကျင့်ကောင်းတွေ သတ်မှတ်မွေးမြူထားခြင်း မရှိတာနဲ့ အိပ်ရာထဖို့ Motivation ကောင်းကောင်းမရှိတာတွေကြောင့် အဖြစ်များပါတယ်။

သင်က မနက်ပိုင်းတွေ စောစောထပြီး တစ်နေကုန် လန်းလန်းဆန်းဆန်းဖြစ်ချင်တဲ့သူဆိုရင်တော့ မနက်နိုးချိန်တိုင်း အကျင့်လုပ်ပေးသင့်တဲ့ အရာတွေရှိပါတယ်။ ဒါတွေကိုသိနိုင်ဖို့ ဒီတစ်ခေါက်ဆောင်းပါးမှာ မနက်စောစောထချိန် လုပ်ပေးသင့်တဲ့ အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ နိုးနိုးချင်း ရေတစ်ခွက်သောက်ချလိုက်ပါ

ကိုယ်တွင်းအဆိပ်အတောက်ပြေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစေဖို့ မနက်ပိုင်းမှာ ပထမဆုံးအနေနဲ့ လုပ်ပေးသင့်တဲ့အရာကတော့ ရေတစ်ခွက်အပြည့်သောက်လိုက်တာပဲဖြစ်ပါတယ်။

၂။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပေးပါ


လန်းဆန်းတဲ့မနက်ခင်းအတွက် ရေသောက်ပြီးနောက် ကိုယ့်အနီးအနားကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တာမျိုးလည်း ပြုလုပ်ပေးသင့်ပါတယ်။ ပိုပြီးအကျိုးရှိအောင် လမ်းလျှောက်ရင်း တံမြတ်စည်းလှည်းတာ၊ ဖုန်စုပ်တာမျိုးလည်း တွဲလုပ်နိုင်ပြီး ဒါကသင့်ကို လုံးဝအိပ်ချင်ပြေသွားစေဖို့ ကူညီပေးမှာပါ။

၃။ မနက်ခင်း နေရောင်ရှေ့ ခဏထွက်ပေးပါ


မနက်စောစောထချိန်မှာ ခဏတစ်ဖြုတ် နေပူစာလုံပေးတဲ့ အကျင့်လုပ်ထားတာကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin D ဓာတ်ရစေတဲ့အပြင် တစ်နေကုန် အားအင်အပြည့်နဲ့ စိတ်ကြည်လင်နေစေမှာပါ။

၄။ ယောဂ ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပေးပါ


အချိန်ရတဲ့သူတွေအနေနဲ့ မနက်ထချိန်မှာ ယောဂနဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးတာကလည်း သင့်ကို ချွေးထွက်ပြီး လုံးဝလန်းဆန်းသွားစေမှာပါ။ ဒါတင်မကဘဲ ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ပြီး ဝိတ်ကျကာ ကျစ်လျစ်နေစေဖို့အတွက်ပါ ထောက်ပံ့ပေးပါလိမ့်မယ်။

၅။ ကျန်းမာရေးနဲ့အညီ မနက်စာ စားပေးဖို့လည်း မမေ့ပါနဲ့


မနက်စာက နေ့တစ်နေ့အတွက် လိုအပ်တဲ့အားအင်တွေရဖို့ အရေးအပါဆုံး အစားစားချိန်တစ်ခုပါ။ တစ်နေ့လုံး Mood ကောင်းနေဖို့ မနက်စာရွေးချယ်မှုက အရေးပါတာမို့ ကျန်းမာရေးနဲ့ညီပြီး ဗိုက်လည်းဝစေမယ့် အာဟာရဖြစ်တဲ့ မနက်စာတွေကို မနက်တိုင်း ပုံမှန်စားပေးဖို့ မမေ့သင့်ပါဘူး။

၆။ အလုပ်ခွင်ထဲမဝင်ခင် အရင်ဆုံး တရားထိုင်ပေးပါ


မနက်နိုးနိုးချင်းအလုပ်တန်းလုပ်တာမျိုးက သင့်ကျန်းမာရေးအတွက်လည်းမကောင်းသလို အာရုံစိုက်နိုင်အားလည်း လျော့ကျစေပါတယ်။ ဒါကြောင့် အလုပ်မလုပ်ခင် ၅ မိနစ်မှ ၁၀ မိနစ်အထိ အာရုံတွေစုစည်းပြီး တရားထိုင်တာမျိုး အကျင့်လုပ်ကြည့်ပါ။ အလုပ်လုပ်ချိန် တွေးခေါ်နိုင်စွမ်းမြင့်တက်ပြီး စိတ်ရောကိုယ်ပါ ဟန်ချက်ညီညီလုပ်နိုင်လာတာကို တွေ့ရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar