မင်္ဂလာပါ ပျိုမေတို့ရေ။ နေ့စဉ်လုပ်နေတဲ့အမူအကျင့်အမှားအချို့ကနေတစ်ဆင့်လည်း အသားအရေ ထိခိုက်စေနိုင်တာကို သိထားပြီးပြီလား။ အရွယ်မတိုင်ခင် မျက်နှာအရေးအကြောင်းပေါ်တာက Sunscreen ပုံမှန်လိမ်းကျင့်မရှိတာကြောင့် အဖြစ်များပေမယ့် ဒါတင်မကဘဲ ကိုယ်တိုင်က သတိမပြုဘဲ လုပ်မိတတ်တဲ့ အမူအကျင့်တွေကတစ်ဆင့်လည်း ဖြစ်လာနိုင်ပါတယ်။ ဒါတွေမလုပ်မိအောင် သတိထားနိုင်ဖို့ ဒီတစ်ခေါက်မှာ ပျိုမေတို့ရဲ့ အသားအရေကို ရင့်ရော်စေနိုင်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။ အသားအရေအတွက် အသက်အရွယ်မရွေး သိထားသင့်တဲ့အချက်တွေဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

အချိုစားတာ


သကြားများများစားတာကလည်း အရွယ်မတိုင်ခင် အိုမင်းစေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။ သွေးတွင်းသကြားဓာတ်များတဲ့အခါ ကိုယ်တွင်း Collagen ဓာတ်ထုတ်ခြင်းကို ကမောက်ကမ ဖြစ်စေတာမို့ အရေးအကြောင်းထွက်လွယ်မှာပါ။

Stress များတာ


Stress အရမ်းများပြီဆိုရင် ခန္ဓာကိုယ်မှာမကောင်းတဲ့သက်ရောက်မှုတွေပိုဖြစ်တာမို့ အသားအရေအတွက်လည်း အလားတူပါပဲ။ Stress ဟော်မုန်းဖြစ်တဲ့ Cortisol ဟာ အရေပြား Collagen ပမာဏကို လျော့ကျစေတာမို့ အသားအရေတင်းရင်းမှုအားနည်းသွားစေပါတယ်။ ဒါကြောင့်မို့ စိတ်ဖိစီးမှုအရမ်းမများအောင် ထိန်းထားပေးပါ။

ပြေးတာ၊ ခုန်တာတွေ


ခန္ဓာကိုယ်ကျန်းမာရေးအတွက် လှုပ်လှုပ်ရှားရှားနေတာကောင်းပေမယ့် ပြေးတာ၊ခုန်တာတွေ များများလုပ်မိမယ်ဆိုရင် အခန့်မသင့်ဘဲ ပါးရည်တွဲကျတာ၊ အသားအရေတင်းရင်းမှုလျော့သွားတာတွေ ဖြစ်တတ်တာကို သတိထားဖို့လိုပါတယ်။ သင့်အနေနဲ့ ဒီလိုခုန်ရတဲ့လေ့ကျင့်ခန်းတွေကို ချွေးထွက်ရုံလောက်ပဲ လုပ်ပေးတာ အကောင်းဆုံးပါပဲ။

မိတ်ကပ်လိမ်းနည်းအမှားတွေ


မိတ်ကပ်ထူထူလိမ်းတာတွေ၊ လိမ်းနည်းအမှားတွေကလည်း သင့်မျက်နှာကို ပင်ပန်းနေပုံပေါက်ပြီး ရှိရင်းစွဲထက် အသက်ပိုကြီးနေသလို မြင်ရမှာပါ။ ဒါကြောင့် မိတ်ကပ်ထူထူလိမ်းတာလျှော့ပြီး တတ်နိုင်သလောက် သဘာဝဆန်တဲ့ ခပ်ပါးပါးလေးပဲ လိမ်းသင့်ပါတယ်။

အရက်သောက်များတဲ့အကျင့်


Alcohol က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေနဲ့ဆားဓာတ်ကို ခန်းခြောက်သွားစေတာမို့ များများသောက်မိပြီဆိုရင် အသားအရေခြောက်သွေ့တာ၊ ဝက်ခြံနဲ့ အရေးအကြောင်းထွက်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ အလွန်အကျွံမသောက်မိအောင်ထိန်းကာ သောက်မိပြီဆိုရင်လည်း ရေများများပြန်သောက်ပေးဖို့ မမေ့ပါနဲ့။

အိပ်ချိန်မမှန်တာ


အိပ်ရေးမဝတာ၊ အိပ်ချိန်ပုံမှန်မရှိတာတွေကလည်း မျက်ကွင်းညိုပြီး အသားအရေလျော့တွဲလာစေမယ့် အကြောင်းအရင်းပါပဲ။ လေလာမှုတွေအရ အိပ်ချိန်မမှန်တဲ့အမျိုးသမီးတွေဟာ အရွယ်မတိုင်ခင်ရုပ်ရင့်ဖို့ ပိုလွယ်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့်မို့ သင့်အနေနဲ့ လုံလောက်တဲ့အိပ်ချိန်တစ်ခုသတ်မှတ်ပြီး လိုက်နာပေးတာ အကောင်းဆုံးပါ။

Photo S0urce: Pinterest

By MyStyle Myanmar