မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာပိုထင်းပြီးလှနေဖို့ မျက်လုံးခြယ်ပေးရတဲ့အဆင့်ကလည်း အရေးပါပါတယ်။ မျက်လုံးတစ်ဝိုက် Eyeliner ဆွဲပေးတာက ရှိရင်းစွဲထက် မျက်အိမ်ပိုကျယ်ပုံပေါက်စေတာကြောင့် သင့်ကို စူးရှပြီး ညို့အားကောင်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စေပါလိမ့်မယ်။ ဒါပေမယ့် Eyeliner တွေက သေချာမဆွဲတတ်ရင် မျက်လုံးကို ညိုမဲပြီးကြည့်ရဆိုးစေတာကြောင့် Eyeliner ဆိုးလိုက်တိုင်း တစ်ဖက်နဲ့တစ်ဖက်မညီတာ၊ ကိုယ်ဆိုးတဲ့ Eyeliner က အရောင်ပြယ်လွယ်တာမျိုး ဖြစ်တတ်တဲ့ ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ Eyeliner ဆွဲတဲ့အခါ သတိထားပြုလုပ်ပေးရမယ့်အချက်တွေကိုမျှဝေပေးလိုက်ပါတယ်။

၁။ Formula ကောင်းတဲ့ Eyeliner မျိုးအသုံးပြုပါ


ပထမဆုံးအနေနဲ့ ကိုယ်သုံးနေတဲ့ Eyeliner အမျိုးအစားကောင်းမကောင်းအရင်စစ်ကြည့်သင့်ပါတယ်။ အသုံးပြုတဲ့ Eyeliner ကအရောင်ထွက်မကောင်းတာ၊ ရေရှည်မခံတာမျိုးဆိုရင် အခြားသော လူသုံးများပြီး ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့အဆင်ပြေတာမျိုးကို ရှာကြည့်သင့်ပါတယ်။ သင်က မျက်လုံးအစိုပြန်တတ်တဲ့သူ ဆိုရင် ရေစိုခံတဲ့ Brand တွေကိုအသုံးပြုပေးနိုင်ပါတယ်။

၂။ မျက်ခွံတစ်ဝိုက်ကို Concealer လိမ်းပေးပါ


Eyeliner မဆွဲခင် သုံးနေကျ Concealer ကိုမျက်ခွံတစ်ဝိုက်လိမ်းပေးတာက အရေးအကြောင်းတွေကို ဖုံးပေးနိုင်တဲ့အပြင် Eyeliner ဆိုးတဲ့အခါ အလွယ်တကူ အရောင်မပျံ့စေဖို့ကိုပါ ကူညီပေးနိုင်ပါတယ်။

၃။ Primer ခံပေးပါ


Primer ကမိတ်ကပ်ကြာရှည်ခံစေတဲ့ပစ္စည်းတစ်ခုဖြစ်တာကြောင့် သင့် Eyeliner ကြာရှည်ခံဖို့အတွက်လည်း Primer ကိုအရင်ဆုံးလိမ်းပေးနိုင်ပါတယ်။

၄။ Eyeliner မဆိုးခင် Setting Powder အနည်းငယ်ပုတ်ပေးပါ


Foundation မိတ်ကပ်လိမ်းပြီးနောက် Setting Powder သုံးပေးတဲ့အခါ မိတ်ကပ်သားညက်နေစေသလို Eyeliner မဆိုးခင် အပေါ်အောင်မျက်ခွံကို Brush အသေးနဲ့ Powder အနည်းငယ်ပုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အပေါ်ကအချက်အတိုင်းအောက်ခံ Primer သုံးပြီးနောက် Powder ခပ်ပါးပါးထပ်အုပ်ပေးပါ။ ဆိုးထားတဲ့ Eyeliner ကိုလွယ်လွယ်နဲ့ မပျယ်ဘဲ အရောင်ညီညီလေးရနေစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

၅။ အဆီစုတ်စက္ကူအသုံးပြုနိုင်ပါတယ်


မိတ်ကပ်လိမ်းပြီးအချိန်အနည်းငယ်အတွင်း မျက်နှာအဆီပြန်လာတတ်တဲ့သူတွေအနေနဲ့ အစိုဓာတ်ကြောင့် Eyeliner တွေကွာကျတာမျိုးမဖြစ်ရအောင် အဆီစုတ်စက္ကူအသုံးပြုပြီး မလိုအပ်တဲ့အဆီတွေကိုဖယ်ရှားပေးဖို့လိုပါတယ်။

၆။ နှစ်ထပ်ပြန်ဆွဲတဲ့နည်းကိုအသုံးပြုပါ


နှုတ်ခမ်းနီအလွယ်တကူမပျက်ဘဲ အရောင်တောက်တောက်လေးရဖို့ တစ်ထပ်ပြီးတစ်ထပ်ဆိုးပေးရသလို Eyeliner ဆိုးတဲ့အခါမှာလည်း ကြာရှည်ခံဖို့ နှစ်ထပ်ဆွဲပေးနိုင်ပါတယ်။ ပြုလုပ်ပေးရမယ့်ပုံစံကတော့ Eyeliner ပထမတစ်ထပ်ဆွဲပြီးနောက် Pencil Brush ဒါမှမဟုတ် နားကြားထိုးတံနဲ့ အနည်းငယ်ပွတ်ပြီး ဖြန့်ပေးရပါမယ်။ ပြီးနောက် နောက်တစ်ထပ်ပြန်ဆိုးပေးမယ်ဆိုရင်တော့ ပုံမှန်ထက်ကြာရှည်ခံတဲ့ Eyeliner ကိုရရှိနိုင်မှာဖြစ်ပါတယ်။

Photo Source: Pinterest, Makeup Tips

By MyStyle Myanmar