အားလုံးပဲမင်္ဂလာပါနော်။ အလုပ်များပြီး ကိုယ့်ကိုကိုယ်အချိန်မပေးနိုင်တဲ့သူတွေ၊ စိတ်ကိုအနားမပေးနိုင်တဲ့ သူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ်တိုင် Stress ဒဏ်ခံစားနေတာကို သတိမထားမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို Stress များလာတဲ့အခါ ခန္ဓာကိုယ်က အလိုအလျောက်တုန့်ပြန်ပြီး သတိပေးတတ်တာမို့ ကိုယ့်ရဲ့ အမူအကျင့်နဲ့၊ ကိုယ်ခန္ဓာပြောင်းလဲမှုတွေကိုကြည့်ပြီး သင့်မှာရှိနေတဲ့ စိတ်ဖိစီးမှုပမာဏကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ စိတ်ဖိစီးမှုများတဲ့သူတွေမှာ တွေ့ရတတ်တဲ့ ပြောင်းလဲမှုလက္ခဏာတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
၁။ မကြာခဏ အံကြိတ်ခြင်း
ခဏခဏ အံကြိတ်မိခြင်းရဲ့ အကြောင်းအရင်းတစ်ခုက စိတ်ဖိစီးမှုများနေလို့ပါပဲ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ပုံမှန်ထက်ပို အံကြိတ်ပြီး တွေးတောနေတတ်တယ်ဆိုရင် ကိုယ့်ရဲ့ Stress ပမာဏကိုသတိပြုပေးသင့်ပါပြီ။ အံကြိတ်တာက သင့်သွားတွေကိုလည်း မသိမသာတိုလာစေနိုင်ပါတယ်။
၂။ စိုးရိမ်မှုများပြီး ချွေးထွက်လွန်ခြင်း
ချွေးထွက်များတာက ရာသီဥတု အပူများတဲ့အချိန်နဲ့ အားကစားလုပ်တဲ့အချိန်တွေမှာ ဖြစ်တတ်သလို ဦးနှောက်တွင်း စိုးရိမ်ပူပန်မှုများတဲ့အချိန်၊ စိတ်လှုပ်ရှားပြီး Stress များတဲ့အချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိုးရိမ်စရာတစ်ခုကိုစဉ်းစားမိလိုက်တိုင်း ပုံမှန်ထက်ပို ချွေးထွက်တတ်တယ်ဆိုရင်တော့ စိတ်ဖိစီးမှုပမာဏလည်းများနေပြီဆိုတာကို သတိပြုရပါမယ်။
၃။ ဆံပင်ပိုကျွတ်လာခြင်း
နောက်ထပ်ဖြစ်လာနိုင်တဲ့အချက်က ပုံမှန်ထက်ဆံပင်ပိုကျွတ်လာခြင်းပါပဲ။ စိတ်ရှု့ပ်ထွေးခြင်းက ဆံသားကြီးထွားမှုနှုန်းအနှောက်အယှက်ဖြစ်စေပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှုခံစားရပြီး နှစ်ပတ်လောက်အကြာမှာ ရုတ်တရက်ဆံပင်အကျွတ်များလာတတ်ပါတယ်။
၄။ မျက်နှာမှာ အဖုအပိမ့်ပိုထွက်ခြင်း
အလှအပပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်းမရှိဘဲ မျက်နှာမှာ အဖုအပိမ့်တွေပိုထွက်လာတတ်တယ်ဆိုရင်တော့ ကိုယ့်မှာစိတ်ဖိစီးမှုများနေသလားဆိုတာကို ဆန်းစစ်ကြည့်သင့်ပါတယ်နော်။ Stress ကြောင့် ပါးစပ်နားတစ်ဝိုက်မှာလည်း အပူဖုနဲ့ အနီစက်တွေထွက်လာတတ်ပါတယ်။
၅။ မျက်ခမ်းခဏခဏ လှုပ်ခြင်း
စိတ်ဖိစီးမှုများခြင်းရဲ့နောက်ဆက်တွဲက ဦးနှောက်နဲ့ မျက်နှာကြွက်သားတွေရဲ့တုံ့ပြန်မှုကို ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ သူ့အလိုလို မျက်တောင်မကြာခဏခတ်မိတာ၊ မျက်လုံး တစ်ဖျတ်ဖျက်မှေးပြီး မျက်ခမ်းလှုပ်တာမျိုးတွေ တစ်လနီးပါးအထိ ဖြစ်နေတတ်ပါတယ်။
၆။ ပါးစပ်ခြောက်ခြင်း
အငံမစားဘဲ အာခေါင်ခြောက်ပြီး ရေခဏခဏဆာတာ၊ နှုတ်ခမ်းနဲ့ပါးစပ်တစ်ဝိုက် ခြောက်ကပ်နေတာတွေ ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ Stress ပမာဏကို အာရုံစိုက်ပေးဖို့လိုပါတယ်။ အချိန်ကြာကြာခံစားနေရတဲ့ Stress ဒဏ်က တံတွေးဂလင်းတွေကို ပိတ်ဆို့စေတာကြောင့် အစိုဓာတ်ခန်းခြောက်လွယ်ပြီး လည်ပင်းနာလာတာတွေအထိဖြစ်တတ်ပါတယ်။
Source: brightside.me