တစ်ခါတစ်ရံမှာ သင်ကြိုးကြိုးစားစားနဲ့ချထားရတဲ့ ကိုယ်အလေးချိန်က အချိန်တိုအတွင်း ပြန်တက်လာမျိုး ကြုံဖူးပါသလား။ ဒီလိုပြဿနာတွေက ဝိတ်ချနေတဲ့သူတော်တော်များများ ကြုံတွေ့ရလေ့ရှိတဲ့ကိစ္စ ဖြစ်တာကြောင့် ဒါတွေမဖြစ်အောင် သတိပြုရမယ့် အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သဘာဝမကျတဲ့စားသောက်ပုံအမှားတွေ

အစားအသောက်ကို တစ်နေ့တာအတွက် နည်းလွန်းတဲ့ပမာဏအထိတင်းကြပ်ပြီး ဝိတ်ချတာက ပုံမှန်အတိုင်း ပြန်စားမိတဲ့အချိန်မှာ အလွယ်တကူပဲဝိတ်ပြန်တက်လာပါလိမ့်မယ်။ ဝိတ်ကျပြီးတဲ့အချိန်အထိ အမြဲစားသုံးနိုင်မယ့် လုံလောက်တဲ့ပမာဏကို ထိန်းထားနိုင်ဖို့က အဓိကကျတာမို့ လက်တွေ့မကျတဲ့ စားသောက်မှုပုံစံတွေနဲ့ ဝိတ်အမြန်ချတာမျိုးကိုရှောင်ပေးပါ။

၂။ လုံလောက်တဲ့လေ့ကျင့်ခန်း

အစားလျှော့ခြင်းအပြင် လုံလောက်တဲ့လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်ပြုလုပ်ပေးမှသာ သင့်ခန္ဓာကိုယ်တွင်း ကယ်လိုရီရရှိမှုပမာဏ မျှတအောင်ထိန်းထားနိုင်မှာဖြစ်ပါတယ်။

၃။ အစာချေဖျက်မှုစနစ်နှေးသွားခြင်း

ရုတ်တရက်အစားလျှော့လိုက်တဲ့အခါ အစာချေဖျက်နိုင်ဖို့ အသုံးပြုရမယ့်စွမ်းအင် မလုံလောက်ခြင်းတွေ မဖြစ်စေဖို့အတွက် စွမ်းအင်ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်ကို သင့်ခန္ဓာကိုယ်က အလိုအလျောက် ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီလိုထိန်းသိမ်းလိုက်တဲ့ဖြစ်စဉ်ကြောင့် အစာချေစနစ်က ပုံမှန်ထက်နှေးသွားနိုင်တဲ့ အတွက် သင့်ကိုဝိတ်အလွယ်တကူတက်စေနိုင်ပါတယ်။

၄။ ရေရှည်ထိန်းမထားနိုင်ခြင်း

လိုချင်တဲ့ကိုယ်အလေးချိန်ကိုရပြီးတဲ့အချိန်မှာ ဝိတ်မချခင်ကပုံစံအတိုင်း ပြန်နေမိတာမျိုးမဖြစ်ရအောင် သတိထားဖို့ကလည်းအရေးကြီးပါတယ်။ ဝိတ်ကျပြီးတဲ့နောက် ကိုယ့်ကိုကိုယ်ဂုဏ်ပြုတဲ့အနေနဲ့ ပမာဏများများ စားသောက်တာမျိုးကိုလည်း ရှောင်ပေးပါ။ ဒီလိုအခြေအနေတွေက သင်သတိမထားမိဘဲ အကျင့်ပြန်ဖြစ်သွားနိုင်တာကြောင့် ဝိတ်ချခဲ့စဉ်က Limit အတိုင်းပဲ ရေရှည်ထိန်းထားနိုင်ဖို့လိုပါတယ်။

၅။ မှားယွင်းတဲ့ Lifestyle ပုံစံ

ဝိတ်ကျပြီးတဲ့နောက်မှာလည်း ကျန်းမာပြီးတက်ကြွတဲ့ Lifestyle မျိုးကိုထိန်းထားဖို့လိုပါတယ်။ နေ့ရက်တိုင်း လှုပ်လှုပ်ရှားရှားနေပေးပါ။ ကိုယ်လိုချင်တဲ့ဝိတ်ကိုအမြဲထိန်းထားနိုင်ဖို့ စားသောက်သင့်တဲ့ ကယ်လိုရီပမာဏနဲ့ ပုံမှန်ပြုလုပ်ပေးရမယ့်လေ့ကျင့်ခန်းစတာတွေကိုလည်း လေ့လာထားဖို့အကြံပြုချင်ပါတယ်။

၆။ မေ့လျော့ခြင်း

သင့်အနေနဲ့ ဝိတ်ချခဲ့တုန်းကပြုလုပ်ခဲ့တဲ့ အမူအကျင့်တွေကို မထိန်းထားနိုင်ဘဲ တဖြည်းဖြည်းမေ့လျော့သွားမယ် ဆိုရင်လည်း သင့်ကိုအလွယ်တကူဝိတ်ပြန်တက်လာစေပါလိမ့်မယ်။ ဒါကြောင့် ဝိတ်ချနေစဉ်အတွင်း ကြိုးစားခဲ့သမျှကို အချိန်ကြာတဲ့အထိမမေ့အောင်သတိထားဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar