အားလုံးပဲ မင်္ဂလာပါ။ ဒီရက်ပိုင်း မိုးအရမ်းရွာတာကြောင့် Gym သွားဖို့၊ အပြင်ထွက်ဖို့ သိပ်အဆင်မပြေလို့ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်မယ်လို့ တွေးထားတဲ့သူတွေရှိကြလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာပါတဲ့ လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်နော်။ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေက အချိန်သိပ်မပေးရဘဲ နေ့စဉ်ပြုလုပ်ရလွယ်တဲ့အပြင် တစ်ကိုယ်လုံးက မလိုအပ်တဲ့အဆီပိုတွေ ထိထိရောက်ရောက်ကျလာစေဖို့ ကူညီပေးမှာပါ။

Photo Source: www.self.com

လေ့ကျင့်ခန်းမလုပ်ခင် ပထမဆုံးအကြောလျှော့ပေးပါ။ လေ့ကျင့်ခန်းတစ်ခုလုပ်ပြီးတိုင်း စက္ကန့် ၂၀ ခန့် ခဏနားနိုင်ပါတယ်။ လုပ်နေကျသူတွေအနေနဲ့ အားလုံးပြီးသွားတဲ့အခါ နှစ်မိနစ်လောက်နားပြီး အစကနေ နောက်တစ်ကျော့ ပြန်လုပ်ပေးတာမျိုးကလည်း အချိန်တိုအတွင်း ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ရစေပါလိမ့်မယ်။ ဒီတော့ လုပ်ရမယ့် လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်-

၁။ Full Body Squat

Photo Source: POPSUGAR

ပထမဆုံး ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းထားပြီး Full Body Squat အခါ ၂၀ ထိုင်ပေးရပါမယ်။ အခုမှစလုပ်မယ့်သူတွေကတော့ အလေးတုံး မ ပါဘဲ ဖြေးဖြေးမှန်မှန် အကြိမ် ၂၀ ပြည့်အောင် ပြုလုပ်ပေးပါ။ တဖြည်းဖြည်းအကျင့်ရလာတဲ့အခါ ကိုယ်ခံနိုင်ရည်ရှိသလောက် အလေးတုံး နဲ့တွဲပြီး Squat ထိုင်တာမျိုးပြုလုပ်နိုင်ပါတယ်။

၂။ Sit-ups

Squat ပြီးတဲ့အခါ အိပ်ထမတင် အကြိမ် ၂၀ ခန့်ပြုလုပ်ပေးပါ။ အိပ်ထမတင်လေ့ကျင့်ခန်းတွေက အိမ်မှာအေးအေးဆေးဆေးလုပ်ဖို့ အရမ်းသင့်တော်ပြီး တစ်ကိုယ်လုံးနဲ့ ခါးဘေးက အဆီတွေကျစေဖို့ ကူညီပေးနိုင်ပါတယ်။

၃။ Side Lunges

ပေါင်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းကအဆီတွေအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းဖြစ်တာကြောင့် ဒီလို ခြေထောက်ဘေးကားပြီး ဒူးကွေးပေးရတဲ့ Side Lunges လေ့ကျင့်ခန်းကို ခြေထောက်တစ်ဖက်စီအတွက် အကြိမ် ၂၀ စီပြုလုပ်ပေးရပါမယ်။

၄။ Burpees

ပုံပါအတိုင်း ဒိုက်ထိုး၊ ဒူးကွေးပြီးပြန်ထပေးရတဲ့ Burpees လေ့ကျင့်ခန်းက တစ်ကိုယ်လုံးစာအတွက် ကယ်လိုရီများများကျစေတဲ့ လေ့ကျင့်ခန်းဖြစ်တာမို့ သူ့ကိုလည်း အကြိမ် ၂၀ ခန့်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ချွေးများများထွက်စေတဲ့ လေ့ကျင့်ခန်းဖြစ်တာမို့ ပြုလုပ်ပြီးနောက် လန်းလန်းဆန်းဆန်းနဲ့ နေလို့ကောင်းသွားစေပါလိမ့်မယ်။

၅။ Push-ups

Photo Source: Gfycat

Photo Source: healthline

အကြိမ် ၂၀ ခန့် ဒိုက်ထိုးပေးရမှာဖြစ်ပါတယ်။ ဒိုက်ထိုးဖို့ မကျွမ်းသေးတဲ့သူတွေအနေနဲ့ ဒူးထောက်ပြီး ပြုလုပ်တာ ဒါမှမဟုတ် ခုံတစ်ခုံကို အားပြုပြီး ဒိုက်ထိုးတာမျိုးပြုလုပ်နိုင်ပါတယ်။

၆။ Plank

နောက်ဆုံးတစ်ခုအနေနဲ့ စက္ကန့် ၃၀ ကနေ ၆၀ အထိ ကိုယ်လုပ်နိုင်သလောက် Plank ထောက်ပေးရမှာပါ။ အလေ့အကျင့်ရအောင် ပုံမှန် Plank ထောက်ပေးတဲ့အခါ သင့်ဗိုက်အဆီ သိသိသာသာလောင်ကျွမ်းပြီး ဝိတ်လည်းကျလာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar