အလုပ်တစ်ခုမှာ မပျော်တော့တာဖြစ်ဖြစ်၊ အဆင်မပြေလို့ပဲဖြစ်ဖြစ် လစာနည်းလို့ပဲဖြစ်ဖြစ် ထွက်ချင်တဲ့အချိန်ဆိုရင် မထွက်ခင် ကြိုစဉ်းစားသင့်ပါတယ်။ သင်က အလုပ်ထွက်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီမေးခွန်း (၆)ခုကို ကိုယ့်ကိုကိုယ် မေးကြည့်ပေးပါ။

၁။ ငါတကယ်အလုပ်မှာ မပျော်ဘူးလား

သင့်ကို မပျော်မရွှင်ဖြစ်စေတဲ့ အချက်တွေကို စဉ်းစားပါ။ ဒီမပျော်စေတဲ့အရာတွေက အလုပ်ကြောင့်ပဲလား။ ဒါမှမဟုတ် တခြားကိစ္စတွေကြောင့် ရှိသေးလား စဉ်းစားပါ။ တစ်ခါတလေ လူမှုရေးအဆင်မပြေမှုတွေကြောင့် ကိုယ့်အလုပ်အပေါ် ပုံချတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်မပျော်တဲ့အရာရဲ့ အရင်းအမြစ်ကို ပြန်စဉ်းစားပေးပါ။

၂။ ငါအလုပ်ထွက်ဖို့ တတ်နိုင်လား

အလုပ်ထွက်လိုက်တဲ့အချိန် ဝင်ငွေမရှိတော့ပါဘူး။ သင်က အကြွေးတစ်ပုံနဲ့ အလုပ်ထွက်မယ်ဆိုရင် ဒါက လုပ်ရပ်မှန်မဟုတ်သေးပါဘူး။ အလုပ်ထွက်ပြီးနောက် ငါ့ဝင်ငွေက အဆင်ပြေပါ့မလား ပြန်သုံးသပ်ပေးပါ။ မထွက်ခင်တည်းက တခြားအလုပ်တွေကို ကြိုလျှောက်ထားပါ။


၃။ ငါ့အလုပ်က စိန်ခေါ်မှုတွေ မရှိလို့လား

တစ်ခါလာလည်း ဒီအလုပ်။ ဒါတွေပဲ လုပ်နေရတယ်။ ဒီခံစားချက်တွေက အလုပ်မှာ မပျော်တော့ရင်ဖြစ်လာတာပါ။ သင့်အလုပ်က စိန်ခေါ်မှုမရှိဘူးလို့ ခံစားရရင် အထက်လူကြီးတွေ စီနီယာတွေနဲ့ အရင်တိုင်ပင်ပါ။ ရာထူးတိုးနိုင်မလား ညှိနှိုင်းကြည့်ပါ။ ဒီလိုလုပ်လိုက်တာက သင့်အတွက် စိန်ခေါ်မှုအသစ်ဖြစ်စေပါတယ်။

၄။ ငါအတွေ့အကြုံအလုံအလောက်ရပြီလား

အလုပ်တအား ထွက်ချင်နေပြီဆိုတဲ့ ခံစားချက်ကို နားလည်ပါတယ်။ ကိုယ်ထွက်မယ့်အလုပ်ကနေ အတွေ့အကြုံအလုံအလောက်ရပြီလား ပြန်စဉ်းစားပါ။ မဟုတ်ရင်တော့ နောင်တရနေပါလိမ့်မယ်။


၅။ ဒီအလုပ်ကိုပဲ အချိန်ပေးမိနေပြီလား

တစ်ခါတလေ ဒီအလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ထားရတဲ့အခါ ငြီးငွေ့လာတတ်ပါတယ်။ အလုပ်မထွက်ခင်ကတည်းက သူငယ်ချင်းတွေနဲ့ ပြန်ဆက်သွယ်ပါ။ အပြင်သွားပါ။ ခွင့်ယူပြီး ခရီးသွားကြည့်ပါ။ တစ်ခါတလေ စိတ်ထွက်ပေါက်ဖြစ်ပြီး အလုပ်နဲ့ပတ်သက်ပြီး အတွေးမှန်ရလာပါလိမ့်မယ်။


၆။ မကောင်းတဲ့စီနီယာတွေရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာလား

လူအများစုက အထက်လူကြီးကို အထင်လွဲမှုကြောင့် အလုပ်ထွက်လေ့ရှိကြပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က မကောင်းတဲ့လူတွေကြောင့် ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းကြောင့် မဖြစ်သင့်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ မကောင်းတဲ့လူတွေကို လျစ်လျူရှှုလိုက်ပါ။

ဒီမေးခွန်းတွေကတော့ အလုပ်မထွက်ခင် သင့်ကိုယ်သင် မေးသင့်တဲ့ မေးခွန်းတွေဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar