ပတ်ဝန်းကျင်က လေဒဏ်၊ နေလောင်ဒဏ်တွေနဲ့ ဆံပင်မကြာခဏဆေးဆိုးခြင်း၊ ပုံသွင်းခြင်း၊ ကိုယ်နဲ့အဆင်မပြေတဲ့ ဆံသားထုတ်ကုန်တွေသုံးမိခြင်းစတဲ့အရာတွေအားလုံးက သင့်ဆံပင်တဖြည်းဖြည်း ပျက်စီးလာစေတဲ့ အကြောင်းအရင်းတွေပါပဲ။ ဒီလိုပြဿနာတွေကြောင့် ဆံသားပျက်စီးပြီး စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် ဆံသားကျန်းမာရေးကိုပြန်လည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေက အိမ်မှာကိုယ်တိုင်ပြုလုပ်နိုင်ပြီး ငွေကုန်အချိန်ကုန်သက်သာစေတဲ့ DIY ပေါင်းတင်နည်းတွေဖြစ်တာမို့ စမ်းလုပ်ကြည့်ဖို့မမေ့ပါနဲ့နော်။

၁။ ဌက်ပျောသီး၊ ထောပတ်သီးနဲ့ ကြက်ဥ

ဦးရေပြားနဲ့ ဆံသားခြောက်သွေ့ကြမ်းတမ်းနေတဲ့သူတွေအတွက် ဒီပေါင်းတင်နည်းက အစိုဓာတ်ပြန်လည်ပြည့်ဝပြီး ဆံပင်သန်လာစေဖို့ကူညီပေးနိုင်ပါတယ်။ ကြေညက်အောင် ကြိတ်ထားတဲ့ ထောပတ်သီးအမှည့်တစ်လုံးနဲ့ ဌက်ပျောသီးအမှည့်တစ်လုံးကို ကြက်ဥအစိမ်းတစ်လုံးနဲ့ရောပြီး သမအောင် မွှေပေးရမှာပါ။ ရလာတဲ့အနှစ်ကို ဆံသားနဲ့ဦးရေပြားအနှံ့လိမ်းပေးပြီး ၁၅ မိနစ်အကြာမှာ ရေပြန်ဆေးချနိုင်ပါတယ်။

၂။ သံလွင်ဆီနဲ့ ရှာလကာရည်

ပျက်စီးနေတဲ့ဆံသားအတွက်ထိရောက်တဲ့ပေါင်းတင်နည်းဖြစ်ပါတယ်။ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရှာလကာရှည် ၁ ဇွန်းတို့ကိုရောပြီး ဆံသားနဲ့ ဦးရေပြားအထိနှိပ်နယ်ပြီးလိမ်းပေးရမှာပါ။ ပြီးနောက် Shower Cap နဲ့ ဆံပင်အုပ်ပြီး မိနစ် ၃၀ အနည်းဆုံးထားပေးပါ။ အချိန်ပြည့်တဲ့အခါ ပုံမှန်အတိုင်းခေါင်းလျှော်ပေးရပါမယ်။

၃။ အုန်းဆီနဲ့ ပျားရည်

အထူးသဖြင့် ပရိုတင်းနဲ့ အစိုဓာတ်ခန်းခြောက်ခြင်းကြောင့် ဆံပင်အဖျားထုံးတတ်သူတွေနဲ့ ဗောက်ထတတ်တဲ့သူတွေကိုပြန်လည်သက်သာစေတဲ့နည်းလမ်းဖြစ်ပါတယ်။ သဘာ၀ အုန်းဆီနဲ့ပျားရည် တစ်ဇွန်းစီကို အခဲခဲမနေအောင် ခပ်နွေးနွေးဖြစ်တဲ့အထိ အနည်းငယ်အပူပေးပြီး ရောမွှေပေးရပါမယ်။ ပြီးနောက် ရလာတဲ့အရည်ကို ပုခုံးနဲ့လည်ပင်းမထိအောင်ပုဝါပတ်ထားပြီး ဆံသားအနှံ့လိမ်းပေးပါ။ လိမ်းပြီးတဲ့အခါ Shower Cap (သို့) ပုဝါအပါးကို ခေါင်းမှာအုပ်ပြီး နာရီဝက်လောက်ထားပေးရပါမယ်။ ပြီးရင်တော့ ရေဆေးချပြီး ခေါင်းလျှော်နိုင်ပါတယ်။

၄။ ဒိန်ချဉ်၊ သံပယိုရည် နဲ့ပျားရည်

ဒီနည်းက ဦးရေပြားအတွင်းပိုင်း ဆဲလ်သေတွေကိုဖယ်ရှားပြီး မွှေးညင်းပေါက်တွေဆီ အာဟာရဓာတ်စိမ့်ဝင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ပြုလုပ်ရမှာကတော့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် ၁ ဇွန်းနဲ့ သံပယိုရည် အနည်းငယ်ကို သမအောင်ရောမွှေပေးရမှာပါ။ ရလာတဲ့အနှစ်ကို ဆံသားအရင်းကနေအဖျားအထိလိမ်းပေးပြီး Shower Cap နဲ့အုပ်ပေးပါ။ နာရီဝက်အကြာမှာ ရေပြန်ဆေးချနိုင်ပါတယ်။

၅။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ဆံသားပုံစံအမျိုးမျိုးအတွက်အသုံးပြုနိုင်ပြီး တောက်ပတဲ့ဆံပင်ကိုရရှိစေပါတယ်။ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေရောပြီး ဆံသားမှာလိမ်းပေးပါ။ ပြီးနောက်မိနစ်အနည်းငယ်အကြာမှာ ပြန်လည်ဆေးချလိုက်ပါ။ ရှာလကာရည်အနံ့မပြင်းစေဖို့ Essential Oil တစ်မျိုးကိုပါထည့်သွင်း အသုံးပြုနိုင်ပါတယ်။

၆။ Rosemary အဆီနဲ့ Jojoba အဆီ

Rosemary အဆီက ဆံသားပျက်စီးပြီး ဆံပင်ပါးတဲ့ပြဿနာကိုသက်သာစေနိုင်ပါတယ်။ Rosemary နဲ့ Jojoba အဆီ တစ်ဇွန်းစီ ဆတူရောစပ်ပြီး နွေးသွားတဲ့အထိအပူပေးပါ။ ပြီးနောက် ဆံပင်နဲ့ဦးရေပြားအနှံ့လိမ်းပြီး နာရီအနည်းငယ်ထားပေးနိုင်ပါတယ်။ အချိန်ပြည့်တဲ့အခါ ရေနွေးနွေးနဲ့ဆေးချပေးပါ။ သင့်ဆံသားပျက်စီးမှု အပေါ်မူတည်ပြီး တစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်အထိပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar