အားလုံးပဲမင်္ဂလာပါနော်။ ခရီးထွက်တဲ့အချိန်မှာ မရင်းနှီးတဲ့ပတ်ဝန်းကျင်က လေဒဏ်၊ နေပူဒဏ်တွေနဲ့ ထိတွေ့တာ၊ နေရာအပြောင်းအလဲကြောင့် ပုံမှန်လို Skincare လုပ်ဖို့ အချိန်မပေးနိုင်တာတွေက သင့်အသားအရေကို အစိုဓာတ်ဆုံးရှုံးပြီး ပျက်စီးလာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ပြန်လည်စိုပြေဖို့ ပြုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို ဒီတစ်ခေါက်ဆောင်းပါးမှာ မျှဝေပေးသွားမှာပါ။ အလွယ်တကူလုပ်နိုင်မယ့် ထိန်းသိမ်းနည်းတွေဖြစ်တာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်။

၁။ ရေဓာတ်ဖြည့်ပေးတဲ့ Sheet Mask လေးတွေကပ်ပေးပါ


ခရီးသွားရင်းနဲ့လည်း လွယ်လွယ်ကူကူသုံးလို့ရတဲ့ Sheet Mask လေးတွေ ကပ်ပေးတာက ဖုန်၊ အညစ်အကြေးတွေနဲ့ထိတွေ့ထားတဲ့ သင့်အသားအရေကို သန့်စင်ပေးပြီး အစိုဓာတ်လည်းရစေမှာပါ။ ကိုယ့် Skin Type နဲ့အဆင်ပြေပြီး အသားခြောက်တာ၊ ဝက်ခြံထွက်တာတွေသက်သာစေမယ့် အာနိသင်ပါဝင်တဲ့ Sheet Mask မျိုးကို တစ်ပတ်နှစ်ကြိမ်လောက်သုံးပြီး ထိန်းသိမ်းပေးသင့်ပါတယ်။

၂။ Exfoliate ပြန်လုပ်ပေးပါ


ကမ်းခြေခရီးလိုနေရာတွေက နေရောင်နဲ့ထိတွေ့မှုများတတ်တာကြောင့် Sunscreen သေချာလေးလိမ်းဖို့ အရေးကြီးတဲ့အပြင် နေရောင်နဲ့တိုက်ရိုက်ထိရာကတစ်ဆင့် အရေပြားအစိုဓာတ်ခန်းခြောက်ပြီး ဆဲလ်သေတွေလည်းပိုဖြစ်တတ်တာမို့ အသားအရေကိုပြန်ပြီး Exfoliate လုပ်ပေးဖို့ မမေ့သင့်ပါဘူး။ ဒါမှ လျှောက်သွားရင်း မျက်နှာမှာကပ်လာတဲ့ လေထု၊ ဖုန်မှုန့် အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီးသားဖြစ်ပြီး အသားလည်းကြည်လာစေမှာပါ။

၃။ အစိုဓာတ်ရနိုင်တဲ့ Face Cream (သို့) Oil တစ်မျိုးသုံးပေးပါ


ခရီးသွားပြီးနောက်မှာ အသားအရေနူးညံ့ပြီး အစိုဓာတ်ပြန်ရဖို့ Face Cream ဒါမှမဟုတ် Facial Oil တစ်မျိုးသုံးပေးသင့်ပါတယ်။ မနက်၊ ည တစ်နေ့နှစ်ကြိမ်လောက်ပုံမှန်သုံးပေးမယ်ဆိုရင် နေလောင်ဒဏ်ကြောင့် အသားအရေနီမြန်းတာတွေကိုပါ သက်သာလာစေမှာပါ။

၄။ ရေများများသောက်ပါ


ပုံမှန်လည်းရေများများသောက်ဖို့လိုသလို ခရီးထွက်ပြီး အထိုင်များတဲ့အချိန်တွေမှာ အသားအရေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ရေကအရမ်းအရေးကြီးပါတယ်။ ရေ ၂ လီတာနဲ့အထက် ရအောင်သောက်ပေးပါ။ ရေဓာတ်ပါဝင်မှုများတဲ့ အသီးအနှံတွေလည်း စားသုံးပေးသင့်ပါတယ်။

၅။ အရက်ဖြတ်ပေးပါ


Alcohol ကခန္ဓာကိုယ်ကို ရေဓာတ်ခန်းခြောက်သွားစေတာကြောင့် အသားအရေပိုပြီး ထိခိုက်တတ်ပါတယ်။ ဒါကြောင့် အသားအရေပြန်ကောင်းချင်တယ်ဆိုရင် အရက်သောက်တာကိုလည်း ရှောင်ပေးပါ။

၆။ အိပ်ရေးဝအောင်အိပ်ပါ


ခရီးထွက်ရင်းအိပ်ရေးပျက်တဲ့အခါ သင့်မျက်နှာက ပင်ပန်းပုံပေါက်ပြီး မျက်ကွင်းတွေကျကာ ကြည့်ရဆိုးနေတတ်ပါတယ်။ ဒါတွေပြန်သက်သာပြီး အသားအရေကြည်လင်လာဖို့ ပုံမှန်အိပ်ချိန်တစ်ခုသတ်မှတ်ပြီး အိပ်တတ်တဲ့ အလေ့အကျင့်ပြန်ရအောင် ပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar