ကျွန်မတို့အများစုဟာ ကိုယ့်ဆံပင်ကို နားလည်ပြီး ကိုယ့်ကို ပိုလှအောင် ဖန်တီးပေးနိုင်မယ့် ဆံပင်ညှပ်ဆရာမျိုးကို လိုချင်ကြပါတယ်။ ပျိုမေတိုင်းလိုလိုမှာ ဆံပင်ညှပ်တာနဲ့ ပတ်သက်ပြီး အတိတ်ဆိုးတစ်ခုခုတော့ ရှိတတ်ကြပါတယ်။

ဆိုင်မှာတော့ အဆင်ပြေပါတယ် ပြောပြီး တကယ့် အိမ်ရောက်မှ ကတုံးတုံးချင်စိတ်ပါ ပေါက်တာမျိုး ပျိုမေတို့ ကြုံဖူးမှာပါ။

ဒီတော့ ကိုယ်နဲ့ အဆင်ပြေမယ့် ဆံပင်ညှပ်ဆရာကို ဘယ်လိုရှာကြမလဲ။ ဒါအတွက် အသုံးဝင်မယ့် နည်းလမ်းတွေကို ဒီထဲ ဖော်ပြထားပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ညွှန်းတာ

ဆံပင်ညှပ်ဆရာကောင်းကောင်း ရှာတွေ့ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ အချင်းချင်း ညွှန်းခြင်းပါ။ ကိုယ့်သူငယ်ချင်း အချင်းချင်း ဘယ်ဆရာက ပုံကျလဲ လမ်းဆင့်ကမ်း ပြောနိုင်ပါတယ်။

သင်သိတဲ့ မိတ်ဆွေတွေထဲမှာ ဒီလို ညွှန်းနိုင်မယ့်သူတွေ ရှိမှာပါ။ သင်က သူတို့ပြောတဲ့ ဆရာနဲ့ သင်နဲ့ အဆင်ပြေလား စမ်းသပ်ကြည့်ဖို့တော့ လိုပါမယ်။

၂။ ပြောင်းလဲဖို့ မကြောက်ပါနဲ့

တချို့တွေက ဆံပင်ညှပ်ဆရာ ပြောင်းလိုက်ရင် အရင် ဆရာက စိတ်ဆိုးနေမလား ဆိုပြီး အားနာစိတ်နဲ့ ကြိတ်မှိတ်ပြီး မပြောင်းလဲဘဲ နေတတ်ကြပါတယ်။ ဒါပေမဲ့ သင်က သူတို့အပေါ်မှာ ဘာအကြွေးမှ မရှိတာမို့ အဲ့လို အားနာစိတ်ထားစရာ မလိုပါဘူး။

သူတို့က သင့်မိတ်ဆွေ သူငယ်ချင်း အရင်းခေါက်ခေါက် မဟုတ်တာမို့ ကိုယ်ကြိုက်သလို ဆုံးဖြတ်ခွင့်ရှိပါတယ်။ သင်မကြိုက်တဲ့ ဆံပင်ညှပ်ဆရာဆီမှာ တခြား ဧည့်သည်တွေ ရှိနိုင်တာမို့ သင်မလာတာကို သူ သိချင်မှတောင် သိမှာပါ။

၃။ ကိုယ့်စကားကိုယ် နားထောင်ပါ

ဆံပင်တိရုံလောက်ပါပဲ ပြောပြီး ဆံပင်တစ်ဝက်လောက် တိုသွားတာမျိုး သင်ကြုံဖူးလား။ တော်တဲ့ ဆံပင်ညှပ်ဆရာ တစ်ယောက်က သင့်စကားကို နားထောင်ပါတယ်။ သင့်ဆံပင်အမျိုးအစားနဲ့ သင့် ဘဝနေထိုင်မှုကို တွေးပေးတတ်ပါတယ်။

ဆံပင်ညှပ်ဆရာကောင်းတစ်ယောက်က သင်ဘာလိုချင်လဲ စဉ်းစားဖို့ အချိန်ပေးသလို ကိုယ်နဲ့ မလိုက်နိုင်ဘူးဆိုရင်လည်း သူတို့က ရိုးရိုးသားသား အကြံပေးတတ်ပါတယ်။ သင်ညှပ်ခိုင်းတဲ့အတိုင်း တူအောင်လည်း သူတို့က ညှပ်ပေးနိုင်ကြပါတယ်။

၄။ ဈေးကြီးတဲ့ဆိုင်

ဈေးကြီးတိုင်း ဆံပင်လုပ်တာ ပုံကျချင်မှ ကျတာပါ။ သင့်အနေနဲ့ ပိုက်ဆံအများကြီး ကုန်ပြီး ပုံမကျမှ ပိုနောင်တရမှာပါ။ ဒါကြောင့် ဈေးကြီးတဲ့ဆိုင်မှ လှတယ်ဆိုပြီး တရားသေ မသတ်မှတ်ထားသင့်ပါဘူး။

၅။ သူစိမ်းတွေကို မေးပါ

သင်က လမ်းမှာ ဆံပင်ညှပ်တာ ပုံကျတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ရင် သူ့ကို ဘယ်မှာ ညှပ်လဲ မေးဖို့ မကြောက်ပါနဲ့။ သူတို့က “မသိဘူး” လို့ ရိုင်းစိုင်းစွာ ဖြေဖို့ အခွင့်အလမ်းပိုနည်းပါတယ်။ ဘယ်သူမဆို ကိုယ့်ဆံပင်ပုံစံ လှတယ်လို့ကြားရင် ဝမ်းပန်းတသာ ညွှန်းပေးမယ့် သူတွေချည်းပါပဲ။

၆။ ပညာရပ်တွေကို အမြဲလေ့လာနေမယ်

အရည်အချင်းရှိတဲ့ ဆံပင်ညှပ်ဆရာ တစ်ဦးက ဘယ်အချိန်မှာ ဘာတွေ ရေပန်းစားနေလဲ နားလည်တတ်ကြပြီး သူတို့က ပညာရပ်အသစ်တွေ၊ လေ့လာစရာအသစ်တွေကို အမြဲ လေ့လာပြီး စိန်ခေါ်ကာ ကြိုးစားတတ်ကြပါတယ်။ သင်က ဒီလိုဆံပင်ညှပ်ဆရာမျိုးကို လိုက်ရှာနေသင့်ပါတယ်။

ကိုယ်နဲ့ အဆင်ပြေတဲ့ ဆံပင်ညှပ်ဆရာကို လိုက်ရှာရတာက ထီထိုးရသလိုပါပဲ။ မေးမြန်းစုံစမ်းပြီး စွန့်စားရဲမှ တော်ရာကျမယ်လို့ ပြောပါရစေ။

Photo Source: Pinterest

By MyStyle Myanmar