မင်္ဂလာပါ ပျိုမေတို့ရေ။ မျက်နှာအဆီပြန်တဲ့သူတွေက မိုးတွင်းရောက်ပြီဆိုရင် စိုထိုင်းထိုင်းရာသီဥတုကြောင့် အသားအရေ ပုံမှန်ထက် စေးကပ်တတ်ပါတယ်နော်။ စေးကပ်တဲ့အသားအရေမှာ ဖုန်နဲ့ ပြင်ပအညစ်အကြေးတွေ ကပ်တဲ့အခါ ချွေးပေါက်ပိတ်ရာကတစ်ဆင့် ဝက်ခြံပြဿနာတွေ ဖြစ်လာမှာပါ။ သင်ကိုယ်တိုင်လည်း အဆီပြန် အသားအရေရှိသူဆိုရင် မိုးရာသီမှာ ဝက်ခြံမထွက်အောင် လုပ်ပေးသင့်တဲ့ Skincare နည်းတွေကို သိထားတာ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာ အဆီပြန်သမားတွေအတွက် ဝက်ခြံသက်သာစေမယ့် Skincare နည်းအဆင့်ဆင့်ကို ဖော်ပြပေးသွားမှာပါ။

မျက်နှာသစ်တဲ့အခါ ရေနွေးနွေး သုံးပါ

အဆီပြန်တဲ့သူတွေ ဝက်ခြံမထွက်အောင် အရေပြားချွေးပေါက်အတွင်းပိုင်းထိ သန့်စင်ပေးဖို့လိုတာမို့ မျက်နှာပုံမှန်သစ်တဲ့အဆင့်က အရေးကြီးပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပုံမှန်သန့်စင်ပေးပြီး မျက်နှာသစ်ဆေးကိုလည်း အသားအရေနဲ့အဆင်ပြေတာမျိုး ရွေးသုံးပေးပါ။

ချေးချွတ်သန့်စင်ပေးပါ

ချွေးပေါက်မပိတ်အောင် ဆဲလ်သေတွေဖယ်ရှားဖို့လိုတာမို့ မျက်နှာကို ပုံမှန်ချေးချွတ်သန့်စင်ပေးပါနော်။ သဘာဝပစ္စည်းတွေနဲ့ တစ်ပတ်ကို နှစ်ကြိမ်လောက် ချေးချွတ်ပေးပါ။ အလွန်အကျွံလုပ်မိရင် အသားပါးပြီး Sensitive ဖြစ်သွားတတ်တာမို့ တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီးတော့ မလုပ်သင့်ပါဘူး။

Toner သုံးပေးပါ

Toner က အသားအရေ pH ပမာဏကို ထိန်းညှိပေးပြီး မျက်နှာသစ်ပြီး ချွေးပေါက်ထဲကျန်နေနိုင်တဲ့ ဖုန်၊ အညစ်အကြေးတွေကို အရှင်းပြောင်စေပါတယ်။မျက်နှာသစ်ပြီး အရင်ဆုံး Toner လိမ်းလိုက်တာက နောက်ထပ်လိမ်းမယ့် Skincare ပစ္စည်းတွေ အသားထဲပိုပြီးစိမ့်ဝင်ဖို့ ကူညီပေးပါတယ်။

Moisturizer တစ်မျိုးသုံးပေးပါ

အဆီပြန်သမားတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အစိုဓာတ်စိမ့်ဝင်အားကောင်းတဲ့ Moisturizer တစ်မျိုး ပုံမှန်လိမ်းဖို့လည်း မမေ့ပါနဲ့နော်။

Sunscreen လိမ်းဖို့လည်းလိုပါတယ်

ဘယ် Skin Type မျိုးမဆို မိုးတွင်းမှာလည်း Sunscreen လိမ်းဖို့လိုပါတယ်နော်။ အဆီပြန်တတ်သူတွေမှာတော့ Sunscreen ကို ပေါ့ပေါ့ပါးပါးနဲ့ စိမ့်ဝင်လွယ်တဲ့ Gel အမျိုးအစားလေးတွေ မနက်တိုင်းပုံမှန်လိမ်းပေးပါ။

Clay Mask သုံးပေးပါနော်

အဆီပြန်တာသက်သာဖို့ Clay Mask ကပ်တာက အရမ်းထိရောက်ပါတယ်။ ချွေးပေါက်တွေကို သန့်စင်ပေးပြီး ချွေးပေါက်ကျဉ်းလာစေတာမို့ ဝက်ခြံပြဿနာတွေကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။

မိတ်ကပ်ထူထူလိမ်းတာကိုရှောင်ပါ

အဆီပြန်တဲ့သူတွေက မိတ်ကပ်ထူထူလိမ်းတဲ့အခါ အဆီနဲ့ အညစ်အကြေးတွေကပ်ပြီး ချွေးပေါက်ပိတ်ဖို့လွယ်တာမို့ ဝက်ခြံ ပိုထွက်တတ်ပါတယ်။ ဒါကြောင့်မို့ မိတ်ကပ်ကို မဖြစ်မနေလိုအပ်မှလိမ်းပြီး ခပ်ပါးပါးလေးလိမ်းဖို့ အကြံပေးချင်ပါတယ်နော်။

Photo Source: Pinterest

By MyStyle Myanmar