ဆံပင်တွေကျွတ်လာပြီ၊ ပါးလာပြီလို့ ခံစားရတဲ့သူတွေ ရှိလား။ ဒါဆိုရင်တော့ ဆံသားကို အားဖြည့်ပေးနိုင်တဲ့ သဘာဝအဆီတွေလိမ်းဖို့လိုလာပါပြီနော်။ ဆံသားသန့်စင်ဖို့ အပတ်တိုင်းပုံမှန် ခေါင်းလျှော်ဖို့လိုသလို ဆီလိမ်းတာကလည်း အလားတူပါပဲ။ ကိုယ့်ရဲ့ဆံသားအခြေအနေပေါ်မူတည်ပြီး ဆီပုံမှန်လိမ်းမှ ဆံသားမပျက်စီးအောင် ထိန်းသိမ်းပြီးသားဖြစ်မှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆံသားကျွတ်တဲ့ပြဿနာသက်သာပြီး ဆံနွယ်လေးတွေရှည်ထွက်လာချင်တဲ့ပျိုမေတို့ ပုံမှန်လိမ်းသင့်တဲ့ သဘာဝဆီ (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Jojoba Oil


ဆံပင်မကျွတ်ချင်ရင် ဆံသားအုံထူစေတဲ့ Jojoba Oil ကိုလိမ်းပါ။ ပုံမှန်လေးလိမ်းပေးရင် ဦးရေပြားနဲ့ ဆံသားအစိုဓာတ်ပြည့်ပြီး ဆံနွယ်အိအိလေးတွေပိုင်ဆိုင်စေမှာပါ။

၂။ သံလွင်ဆီ


အသားအရေအတွက်ကော ဆံသားအတွက်ပါအသုံးဝင်တဲ့ သံလွင်ဆီမှာတော့ ဆံပင်အစိုဓာတ်ပေးပြီး အရှည်ပါမြန်စေတဲ့ Omega 3 Fatty Acid များစွာပါဝင်နေပါတယ်။ ဒါကြောင့် ဆံသားကို အနည်းငယ်နှိပ်နယ်ပေးပြီး သံလွင်ဆီလေးလိမ်းပေးပါ။

၃။ အုန်းဆီ


ငယ်ငယ်ကတည်းက တော်တော်များများလိမ်းတတ်ကြတဲ့ဆီက အုန်းဆီပါပဲ။ အုန်းဆီက ဆံသားကိုပိုပြီး နက်ပြောင်စေရုံမက ဆံသားပျက်စီးမှုကိုပါ သက်သာစေပါတယ်။ ဒါ့အပြင် သူ့မှာ ဦးရေပြားနဲ့ ဆံသားပေါ်က ဘက်တီးရီးယားတွေ၊ နေလောင်ဒဏ်တွေကိုဖယ်ရှားပေးနိုင်တဲ့ Lauric Acid ဓာတ်တစ်မျိုးလည်း ပါဝင်နေပါသေးတယ်။ လေ့လာမှုတစ်ခုအရ အုန်းဆီဟာ ဆံသားအမျှင်တွေရဲ့ကျုံ့ဆန့်နိုင်စွမ်းကို မြင့်တက်စေတာကြောင့် ဆံသားပြတ်ထွက်တာ၊ ဆံပင်ကျွတ်တာတွေကိုသက်သာစေတယ်လို့လည်း ဆိုပါတယ်။

၄။ Argan Oil


Argan Oil က ဆံသားပေါင်းတင်တာ Treatment နဲ့ ဆံသားပုံသွင်းတာစတဲ့ နေရာမျိုးစုံအတွက် သုံးလို့ရတဲ့ အဖိုးတန်သဘာဝဆီတစ်မျိုးပါ။ သူ့မှာလည်း အုန်းဆီလို Lauric Acid ပါဝင်တာမို့ ဆံသားမပျက်စီးအောင် ထိန်းသိမ်းပေးမှာပါ။ Vitamin E လည်းပါဝင်တာမို့ ဆဲသားခြောက်သွေ့ပြီး အဖျားနှစ်ခွထွက်တာတွေလည်း မဖြစ်တော့ပါဘူး။

၅။ Rosemary အဆီ


Rosemary အဆီကို ခြောက်လလောက်အချိန်ပေးပြီးလိမ်းတာနဲ့ ဆံပင်သိသိသာသာရှည်စေတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ ဒါ့အပြင် Rosemary မှာ ဦးရေပြားသွေးလည်ပတ်မှုကောင်းပြီး ဆံပင်ရှည်မြန်စေတဲ့ Carnosic Acid လည်း ပါဝင်နေပါသေးတယ်။

၆။ ပက်ပါမင့်ဆီ


ပက်ပါမင့်က ဆီတွေထဲမှာ ဆံပင်အရှည်မြန်စေတဲ့ အာနိသင်အရှိဆုံးဆီပါ။ ဦးရေပြားသွေးလည်ပတ်မှုလည်း ကောင်းစေတာမို့ ဦးရေပြားခြောက်သွေ့ယားယံတာတွေမဖြစ်အောင် ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။ လိမ်းတဲ့အခါ ဆံသားအရင်း ဦးရေပြားအထိ နှိပ်နယ်ပြီးလိမ်းပေးဖို့ မမေ့ပါနဲ့။

Photo Source: Pinterest

By MyStyle Myanmar