အသက်အရွယ်ရလာတာနဲ့အမျှ ကျွန်မတို့ရဲ့ အသားအရေက တဖြည်းဖြည်း လျှော့ရဲစပြုလာပါတယ်။ အခုလိုဖြစ်လာတာတွေကို နှေးကွေးစေဖို့ Skincare ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ အများကြီးရှိနေပါတယ်။ အသက် ၃၅ – ၅၀ အတွင်းမှာမှ အရေးကြောင်းတွေ၊ ပါးရေနားရေတွေက သိသိသာသာ ပေါ်လာတာဆိုပေမယ့်လည်း စောစောစီးစီး ထိန်းသိမ်းထားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။

အခု MyStyle Myanmar ကနေပြီး မျှဝေပေးချင်တာကတော့ ဈေးလည်းမကြီးဘဲ အရေးအကြောင်းတွေကိုလည်း တိုက်ဖျက်နိုင်ပြီး အသားအရေကို ချောမွတ်စေဖို့ ကူညီပေးမယ့် သဘာဝအဆီ (၆) မျိုးကို ဖော်ပြပေးချင်ပါတယ်။

ထောပတ်အဆီ

ဖက်တီးအက်စစ်၊ အိုမီဂါအဆီတွေ၊ ဗီတာမင်အေတို့ ကြွယ်ဝစွာပါဝင်တဲ့ ထောပတ်အဆီကို စားပွဲတင်ဇွန်း ၂ ဇွန်း၊ နှင်းဆီ (သို့) လာဗင်ဒါလို ပန်း essential oil ၃-၄ စက် တို့ကို တစ်အောင်စရှိတဲ့ ပုလင်းထဲမှာ ထည့်လိုက်ပါ။ ပါဝင်ပစ္စည်းတွေကို သေချာလေး ခလောက်မွှေပြီး မျက်နှာမှာလိမ်းခြံပေးပါ။

သံပုရာအဆီ

ဝက်ခြံနဲ့ မှိုပြဿနာတွေကို ကုသပေးနိုင်တဲ့ သံပုရာအဆီမှာ antioxidant နဲ့ antimicrobial အစွမ်းသတ္တိတွေပါဝင်လို့ အိုမင်းရင့်ရော်မှုအတွက် အင်မတန်အသုံးဝင်ပါတယ်။ ၅၀ မီလီဆံ့တဲ့ ပုလင်းထဲကို extra virgin သံလွင်ဆီ ၅၀ မီလီနဲ့ သံပုရာအဆီ ၃-၅ စက်ကို ရောစပ်ပြီး ဖြည်းဖြည်းချင်း လှုပ်မွှေပေးပါ။ ပြီးမှ မျက်နှာပေါ်လိမ်းပေးပြီး ညဖက်မှာ လိမ်းပေးဖို့ အကြံပေးချင်ပါတယ်။

လာဗင်ဒါအဆီ

လာဗင်ဒါအနံ့က စိတ်လက်ပြေပျောက်စေပြီး အရေးအကြောင်းနဲ့ ပါးရေတွန့်တာတွေအတွက်လည်း ကောင်းမွန်ပါတယ်။ ပန်းကန်လုံး သို့မဟုတ် ပုလင်းအသေးလေးထဲမှာ သန့်စင်ပြီးသား လာဗင်ဒါအဆီ အစက်အနည်းငယ်ကို Extra virgin coconut oil နဲ့ ရောစပ်ကာ Skincare အနေနဲ့ အသုံးပြုနိုင်ပါတယ်။

စပျစ်စေ့အဆီ

စပျစ်စေ့အဆီမှာ ဗီတာမင်အီးနဲ့ polyunsaturated အဆီတို့ ပါဝင်လို့ အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ စပျစ်စေ့အဆီကို အသားအရေပေါ် တိုက်ရိုက်လိမ်းပေးပြီး စိမ့်ဝင်သွားတဲ့အထိ နှိပ်ပြီးလိမ်းပေးပါ။

မုန်လာဥနီအစေ့အဆီ

ဒီအဆီကို အသုံးပြုဖို့အတွက် အယ်လ်မွန် သို့မဟုတ် ထောပတ်အဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ မုန်လာဥနီအစေ့အဆီ ၂ စက်တို့ကို ရောစပ်ပေးပါ။ လက်ချောင်း သို့မဟုတ် Cotton Pad ကို အသုံးပြုပြီး အသားအရေမှာ လိမ်းပေးနိုင်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ အစိုဓာတ်ကိုဖြည့်တင်းပေးနိုင်တဲ့ ဗီတာမင်တွေ၊ antioxidants တွေ ပါဝင်တာကြောင့် အရေးအကြောင်းတွေကို သက်သာစေဖို့ အကောင်းဆုံး အဆီပါ။ Extra virgin သံလွင်ဆီကိုမှ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုယိုအရည် အစက် နည်းနည်းနဲ့ ရောစပ်ပြီး Cotton Pad နဲ့ ညမအိပ်ခင် မျက်နှာမှာ လိမ်းပေးပါ။

အခုပြောပြခဲ့တဲ့ အဆီတွေကို လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အသားအရေပေါ်မူတည်ပြီး ကွာခြားနိုင်တာမို့ မျက်နှာပေါ်မတင်ခင် လက်ပေါ်ဖြစ်ဖြစ် အရင်စမ်းသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။