ပျိုမေတို့ထဲမှာ မနက်နိုးလို့ မှန်ကြည့်လိုက်တာနဲ့ ဝက်ခြံထွက်နေတာတွေ့လို့ စိတ်ညစ်သွားရတာမျိုး ကြုံဖူးကြလား။ ဒီလိုဖြစ်တာက သင်တစ်ယောက်ထဲမဟုတ်ပါဘူးနော်။ မနက်နိုးတာနဲ့ ဝက်ခြံတွေေ တွ့ရတတ်တာက ညပိုင်း အသားအရေထိန်းသိမ်းမှုအားနည်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဒီတစ်ခေါက်မှာ ဝက်ခြံပြဿနာတွေမဖြစ်ဖို့ ညဘက်မှာလုပ်ပေးသင့်တဲ့ Skincare အဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။ သင်က ဝက်ခြံထွက်လွယ်တဲ့အသားအရေရှိတယ်ဆိုရင် ဒီနည်းတွေအတိုင်း လိုက်လုပ်ကြည့်ပါနော်-

မျက်နှာကို Double Cleansing လုပ်ပေးပါ


တစ်နေ့ကုန်မိတ်ကပ်လိမ်းထားရတဲ့သူတွေဆိုရင် ညဘက်မိတ်ကပ်ပြောင်အောင် မဖျက်မိတဲ့အခါ ချွေးပေါက်ပိတ်ပြီး ဝက်ခြံပိုထွက်လာမှာပါနော်။ ဒါကြောင့်မို့ ညပိုင်းတွေမှာ မျက်နှာကို Double Cleansing လုပ်ပေးပါ။ အဆီပါတဲ့ မိတ်ကပ်ဖျက်ဆေးနဲ့အရင်သန့်စင်ပြီး ရေစိုခံမိတ်ကပ်တွေ ပြောင်သွားအောင်ဖျက်ပေးပါ။ ပြီးနောက် Form Cleanser နဲ့မျက်နှာထပ်သစ်ပေးပါနော်။

မျက်နှာသစ်ပြီး Moisturizer လိမ်းဖို့မမေ့ပါနဲ့


ညပိုင်းမျက်နှာသစ်ပြီး ကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့ Moisturizer တစ်မျိုး ပုံမှန်လိမ်းပေးပါနော်။ ညဘက်မှာအစိုဓာတ်ဖြည့်ထားတာက နိုးတာနဲ့ အသားအရေလေးကြည်လင်နေဖို့ ကူညီပေးမှာပါ။

နှစ်ပတ်တစ်ကြိမ်ခန့် Exfoliate လုပ်ပေးပါ


မျက်နှာမှာ ဆဲလ်သေတွေကျန်နေတာမျိုးကလည်း အသားအရောင်မွဲပြီး ဝက်ခြံထွက်စေတာမို့ Exfoliate လုပ်ကာ သန့်စင်ပေးဖို့ လိုပါတယ်။ ညပိုင်းမှာ Exfoliate လေးလုပ်ပြီး အိပ်ရာဝင်တာက ဆဲလ်အသစ်ဖြစ်ပြီး အသားအရေကောင်းစေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ အသားပါးတတ်တာမို့ နှစ်ပတ်တစ်ကြိမ်ခန့် အာနိသင်အရမ်းမပြင်းတဲ့ သဘာဝ Exfoliator တွေကို သုံးပေးပါ။

ဖုန်းကို အနားမှာထားပြီးမအိပ်ပါနဲ့


ဖုန်းက ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ စုဖို့လွယ်လို့ မျက်နှာနားမှာ ထားပြီးမအိပ်မိအောင် သတိထားပေးပါ။ သင်က ဖုန်းကိုအိပ်ရာဘေးထားအိပ်တတ်တယ်ဆိုရင် ခပ်ဝေးဝေးမှာထားတဲ့အကျင့်ပြန်ပြောင်းပေးဖို့ လိုပါတယ်။

ရေဓာတ်ဖြည့်ပေးပါ


အသားအရေအတွက် ရေဓာတ်ကလည်း အရမ်းအရေးကြီးပါတယ်။ မအိပ်ခင်မှာ ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါတယ်နော်။ ရေဓာတ်ပြည့်နေတဲ့အခါ အသားအရေကြည်လင်နေတတ်တာမို့ ဝက်ခြံပြဿနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

စောစောအိပ်ရာဝင်ပါ


မနက်ပိုင်း ဝက်ခြံတွေနဲ့ အိပ်ရာမထချင်ရင် ညဘက်စောစောအိပ်ဖို့လိုပါမယ်နော်။ အိပ်ရေးမဝခြင်းက အရေပြားတွင်း ဆဲလ်သစ်ဖစ်ပြီး သွေးကောင်းကောင်းလည်ပတ်ဖို့ အချိန်မလောက်တာမို့ ဝက်ခြံပြဿနာတွေ ဖြစ်လာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar