အားလုံးပဲမင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာတော့ သဘာဝအတိုင်း ကျော့ရှင်းနေတဲ့ လက်ချောင်းရှည်ရှည်သွယ်သွယ်တွေလိုချင်ကြတဲ့ ပျိုမေတို့အတွက် ပြုလုပ်ပေးရမယ့် ထိန်းသိမ်းမှုနည်းလမ်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ ဖော်ပြထားတဲ့နည်းလမ်းတွေကို ပုံမှန်ပြုလုပ်ပေးပြီး လက်အသားအရေကိုသေချာဂရုစိုက်ပေးမယ်ဆိုရင် နူးညံ့စိုပြေပြီး ရှည်သွယ်တဲ့ လက်ချောင်းအလှကို အချိန်တိုအတွင်းရရှိစေမှာပါ။

၁။ မှန်ကန်တဲ့အစားအသောက်ပမာဏရှိဖို့လိုပါတယ်


ဝိတ်တက်လာတဲ့အခါမှာလည်း လက်ချောင်းတွေတုတ်လာတတ်ပါတယ်။ ဒါကြောင့် ကယ်လိုရီများတဲ့ အစားအသောက်တွေကိုရှောင်ပြီး ပရိုတင်းနဲ့ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်များများစားပေးပါ။ Alcohol နဲ့ ဆား များများစားခြင်းကလည်း လက်ချောင်းတွေဖောင်းစေတာကို သတိပြုပေးဖို့လိုပါတယ်။

၂။ လက်ချောင်း ကွေးညှစ်ရတဲ့ လေ့ကျင့်ခန်းမျိုးပြုလုပ်ပေးပါ


လက်ချောင်းတွေနဲ့ အရာဝတ္ထုတစ်ခုခုကို ညှစ်ပေးရတဲ့လေ့ကျင့်ခန်းကလည်း လက်ချောင်းရှည်သွယ်ပြီး လက်ဆစ်တွေသန်မာဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒီလို လက်ချောင်းအကွေးအဆန့်လေ့ကျင့်ခန်းကို လက်တစ်ဖက်ချင်းအတွက် (၁၀) ကြိမ် ၂ ခေါက်စီပြုလုပ်ပေးပါ။ အချိန်တိုအတွင်းသိသာဖို့အတွက် နေ့တိုင်းနီးပါး ပြုလုပ်ပေးဖို့လိုပါတယ်။

၃။ ယောဂပြုလုပ်ပေးပါ


လက်အတွင်း သွေးလည်ပတ်မှုအားနည်းခြင်းကလည်း သင့်လက်ချောင်းတွေကို ရောင်ရမ်းပြီး ပုံမှန်ထက်ကြီးပုံပေါက်စေပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှုကောင်းစေတဲ့ ယောဂလေ့ကျင့်ခန်းတွေ ရှာဖွေပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

၄။တူရိယာတစ်ခုတီးပါ


ရှည်သွယ်တဲ့လက်ချောင်းတွေရရှိစေမယ့် နောက်ထပ်နည်းလမ်းတွေတစ်ခုကတော့ ဂီတာနဲ့ Piano စတဲ့ တူရိယာတွေတီးခတ်ခြင်းဖြစ်ပါတယ်။ ဒါကသင့်ကို တူရိယာတစ်ခုတတ်မြောက်ပြီးသားဖြစ်စေတဲ့အပြင် သင့်လက်ချောင်းတွေကို လေ့ကျင့်ခန်းပြုလုပ်ပေးရာလည်းရောက်ပါတယ်။

၅။ လက်ဆစ်ချိုးခြင်းကိုရှောင်ပါ


လက်ဆစ်မကြာခဏချိုးခြင်းကလည်း လက်ချောင်းအလှအပထိခိုက်နိုင်ပြီး လက်ဆစ်အရိုးအားနည်းခြင်းကို ဖြစ်စေတာကြောင့် တတ်နိုင်သလောက်ရှောင်ဖို့လိုအပ်ပါတယ်။

၆။ လက်ချောင်းတွေကို လှုပ်လှုပ်ရှားရှားနေပေးပါ


လက်ချောင်းတွေကို ပုံမှန်လှုပ်ရှားပေးခြင်းက မလိုအပ်တဲ့ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး သွယ်လျလှပလာစေပါတယ်။ ဥပမာအနေနဲ့ ကွန်ပျူတာနဲ့စာရိုက်ခြင်းလို လက်ချောင်းတွေလှုပ်ရှားပေးရတဲ့ အလုပ်မျိုးကို တစ်နေ့ အနည်းဆုံး တစ်နာရီလောက်အချိန်ပေးပြီး ပြုလုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar