ထွေထွေထူးထူးဆွဲနေစရာမလိုတဲ့ မျက်ခုံး၊ မျက်တောင်ထင်းထင်းလေးတွေကိုတော့ ပျိုမေတိုင်း လိုချင်ကြမယ် ထင်ပါတယ်နော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ မျက်ခုံးမွှေးပါးသူတွေ သဘာဝအတိုင်းပြန်ရှည်လာဖို့ ကူညီပေးနိုင်မယ့် ထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ကိုယ်တိုင် DIY ပြုလုပ်နိုင်တဲ့နည်းတွေ ဖြစ်တာကြောင့် သက်သက်သာသာနဲ့မျက်ခုံးရှည်ချင်သူတွေ၊ အတုစိုက်၊ Tattoo ထိုးတာမျိုးမလုပ်ချင်သူတွေအတွက်အဆင်ပြေတဲ့အပြင် သေချာအချိန်ပေးပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကို ရစေမှာပါ။

၁။ ကြက်ဆူဆီ


ကြက်ဆူဆီက အမွှေးအမျှင်သန်စေပြီး Hair အရင်းပိုင်းတွေထူလာစေဖို့ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် မျက်ခုံးမွှေးသန်စေဖို့ ကြက်ဆူဆီအနည်းငယ်ကို ဂွမ်းစလေးနဲ့တို့ပြီး မျက်ခုံးရင်းတွေမှာ မိနစ်၃၀ ခန့်လိမ်းထားပေးပါ။ ပြီးရင်တော့ မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပြီး ရေနွေးနွေးနဲ့မျက်နှာပြန်သစ်နိုင်ပါတယ်။ ကြက်ဆူဆီကအချို့ Sensitive Skin ရှိသူတွေနဲ့ ဓာတ်မတည့်တာ၊ ယားယံတာမျိုးဖြစ်တတ်တာကြောင့် မသုံးခင် လက်နဲ့ လည်ဂုတ်တို့မှာအနည်းငယ်လိမ်းပြီး အရင်စမ်းကြည့်ပေးပါ။

၂။ အုန်းဆီ


အုန်းဆီက ဆံပင်အရှည်မြန်ပြီး အစိုဓာတ်ပေးနိုင်တဲ့ သဘာဝပစ္စည်းဖြစ်တာကြောင့် မျက်ခုံးထူစေဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ညဘက်တွေမှာ မျက်တောင်နဲ့ မျက်ခုံးတစ်ဝိုက်ကို အုန်းဆီအနည်းငယ်လိမ်းပြီး နှိပ်နယ်ပေးတာက အစိုဓာတ်ဖြည့်ပေးပြီး လွယ်လွယ်နဲ့ မျက်ခုံးမွှေးကျွတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးမှာပါ။

၃။ သံလွင်ဆီ


ဗီတာမင် A နဲ့ E တို့ပါဝင်တဲ့ သံလွင်ဆီကိုလည်း မျက်ခုံးမွှေးသန်စေဖို့အသုံးပြုနိုင်ပြီး အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီးနောက် မျက်ခုံးမွှေးတစ်ဝိုက် ငါးမိနစ်ခန့်နှိပ်နယ်ပြီး လိမ်းပေးရမှာဖြစ်ပါတယ်။ တစ်ညလုံးလိမ်းထားပြီး မနက်ပိုင်းမှာ ရေနဲ့ဆေးတာမျိုးပြန်လုပ်နိုင်ပါတယ်။

၄။ ကြက်သွန်နီ


မျက်ခုံးမွှေးပါးသူတွေနောက်ထပ်အသုံးပြုသင့်တဲ့သဘာဝပစ္စည်းကတော့ ကြက်သွန်နီပါ။ ကြက်သွန်နီကို Blender နဲ့ကြိတ်ပြီး ရလာတဲ့အရည်ကို ဝါဂွမ်းနဲ့ယူပြီး မျက်ခုံးမှာလိမ်းတာမျိုးပြုလုပ်ပေးရမှာဖြစ်ပါတယ်။ သူက မွှေးညှင်းပေါက်အတွင်းပိုင်းက Collagen ထုတ်လုပ်မှုကိုမြှင့်တင်ပေးတာကြောင့် မျက်ခုံးကို ပိုနက်ပြီးထူလာစေပါတယ်။ တစ်နာရီလောက်ပုံမှန်လိမ်းပေးမယ်ဆိုရင် တစ်ပတ်အတွင်းသိသာတဲ့ ရလဒ်ကိုတွေ့ရပါလိမ့်မယ်။

၅။ ကြက်ဥအနှစ်

ပရိုတင်းဓာတ်လျော့နည်းခြင်းကြောင့် Hair ဆုံးရှုံးမှုမဖြစ်ရအောင် ကြက်ဥအနှစ်ကကူညီပေးနိုင်ပါတယ်။ ကြက်ဥအနှစ်ကို အရည်ကျဲသွားတဲ့အထိ ခလောက်ပေးပြီး မျက်ခုံး၊မျက်တောင်တွေကို လိမ်းပေးပါ။ မိနစ်၂၀ လောက်ထားပြီး ရေဆေးချနိုင်ပါတယ်။ ဒီပုံစံအတိုင်း တစ်ပတ်နှစ်ကြိမ်လောက်လိမ်းပေးပါ။ နှစ်လအတွင်းသိသာတဲ့ရလဒ်ကိုရစေပါလိမ့်မယ်။

၆။ Petroleum Jelly


Petroleum Jelly ကလည်း သင့်မျက်ခုံးကိုအစိုဓာတ်ဖြည့်ပေးနိုင်သလို သဘာဝအတိုင်းသန်လာစေဖို့ အတွက်ပါကူညီပေးနိုင်ပါတယ်။ ဒါကြောင့် Vaseline Petroleum Jelly ကို သင့်မျက်ခုံး၊ မျက်တောင်တွေမှာ ဂွမ်းတံနဲ့ တို့လိမ်းပြီး စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ အိပ်ရာဝင်ခါနီး တစ်ညလုံးလိမ်းပြီး နောက်နေ့မနက်မှ မျက်နှာပြန်သစ်တာမျိုးလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar