ဆံပင်အကျွတ်များပြီး ပါးလာတာက ပျိုမေတိုင်းနီးပါးကြုံရတတ်တဲ့ ဆံသားပြဿနာတစ်မျိုးပါပဲ။ ခေါင်းလျှော်ရည်နဲ့ ဆံသားပြုပြင်ရေးပစ္စည်းတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ၊ ပတ်ဝန်းကျင်က နေလောင်ဒဏ်နဲ့ ဖုန်၊ အညစ်အကြေးတွေက ဆံသားကိုအားနည်းစေပြီး ဆံပင်ကျွတ်ခြင်းကိုပိုဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာ ဆံသားပျက်စီးခြင်းကို ကာကွယ်နိုင်ပြီး ပုံမှန်ထက်အားပြည့်သန်စွမ်းလာတဲ့ဆံပင်မျိုးရစေဖို့ ကိုယ်တိုင်လုပ်ရလွယ်ကူစေမယ့် သဘာဝထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ အောက်မှာပါတဲ့နည်းလမ်းတွေက အကုန်အကျသက်သာတဲ့အပြင် သင့်ဆံပင်ကိုပါအရှည်မြန်စေတာကြောင့် စမ်းလုပ်ကြည့်ဖို့မမေ့ပါနဲ့နော်။

၁။ အုန်းဆီနဲ့ ပျားရည်


အုန်းဆီက Chemical ပစ္စည်းတွေကြောင့်ပျက်စီးနေတဲ့ဆံသားကို ပြန်လည်အားဖြည့်ပေးနိုင်ပြီး ဆံပင်ကျွတ်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ ပျားရည်မှာတော့ ဦးရေပြားနီမြန်းခြင်းနဲ့အဖုအပိန့်တွေ သက်သာစေပြီး ဦးရေပြားကိုအစိုဓာတ်ရစေတဲ့အာနိသင်ရှိပါတယ်။ အုန်းဆီ ၄ ဇွန်း၊ ပျားရည် နှစ်ဇွန်းတို့ကို ရောမွှေပြီး ဦးရေပြားနဲ့ ဆံသားအရင်းကနေ အဖျားပိုင်းအထိ နှစ်မိနစ်ခန့် နှိပ်နယ်ပြီးလိမ်းပေးပါ။ Shower Cap နဲ့ တစ်နာရီခန့်အုပ်ထားပြီးနောက် ခေါင်းလျှော်နိုင်ပါတယ်။

၂။ ကြည်သွန်နီအရည်လိမ်းနိုင်ပါတယ်


ကြက်သွန်နီက ဆံပင်သန်စေပြီး ဆံပင်ဖြူထွက်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ ပြုလုပ်ရမယ့်ပုံစံကတော့ ကြက်သွန်နီ တစ်ခြမ်းကို အရည်ထွက်အောင်ညစ်ချပြီး သင့်ဦးရေပြားဆံကြောင်းတွေအပေါ် အနည်းငယ်ပွတ်လိမ်းပေးလိုက်ပါ။ တစ်နာရီခန့်ထားပြီးနောက် ခေါင်းပြန်လျှော်ပေးရပါမယ်။

၃။ သံပရိုရည်၊ ကြက်ဆူဆီနဲ့ သံလွင်ဆီ


အရင်ဆုံး သံလွင်ဆီနှစ်ဇွန်းနဲ့ ကြက်ဆူဆီတစ်ဇွန်းတို့ကို သံပရိုရည်တစ်ဇွန်းခန့်နဲ့ရောပြီး နွေးလာတဲ့အထိ အပူပေးပါ။ ရလာတဲ့အရည်နွေးနွေးကို သင့်ဦးရေပြားပေါ် ၁၅ မိနစ်ခန့်နှံနေအောင်လိမ်းပေးရပါမယ်။ နောက်ထပ် မိနစ် ၃၀ ခန့်ထားပြီးနောက် ခေါင်းလျှော်ရည်အပျော့သုံးပြီး ပြန်လျှော်ပေးနိုင်ပါတယ်။ ကြက်ဆူဆီနဲ့ သံလွင်ဆီတို့က ပျက်စီးနေတဲ့ ဆံသားကိုအားဖြည့်ပေးပြီး ဆံပင်ရှည်မြန်စေပါတယ်။

၄။ ရှားစောင်းလက်ပတ်နဲ့ သံပရိုရည်


သံပရိုရည်က ဦးရေပြားကိုသန့်စင်စေပြီး ဆံသားမွှေးညှင်းပေါက်တွေကိုသန်စွမ်းလာစေပါတယ်။ ရှားစောင်းလက်ပတ်ကလည်း ဆံသားအစိုဓာတ်ပေးပြီး ပျော့ပြောင်းစေတာကြောင့် ရှားစောင်း Gel ၂ ဇွန်း၊ သံပရိုရည်တစ်ဇွန်းတို့ကိုရောမွှေပြီး ဦးရေပြားနဲ့ ဆံသားအနှံ့လိမ်းပေးပါ။ နာရီဝက်ခန့်ထားပြီးနောက် Shampoo အပျော့နဲ့လျှော်ချပေးရပါမယ်။

၅။ မုန်လာဥနီ၊ ဒိန်ချဉ်နဲ့ ဌက်ပျောသီး

Photo Source: Blushin.com

မုန်လာဥနီမှာ သင့်ဆံသားကိုပိုမိုတောက်ပပြီးအုံထူလာစေတဲ့အာနိသင်တွေပါဝင်ပါတယ်။ ဦးရေပြား သွေးလည်ပတ်မှုလည်းကောင်းစေတာကြောင့် ဆံပင်အရှည်မြန်စေဖို့လည်းကူညီပေးနိုင်ပါတယ်။ ပထမဆုံး မုန်လာဥနီ တစ်လုံးနဲ့ ဌက်ပျောသီးတစ်လုံးကိုခပ်သေးသေးတုံးပေးပါ။ ပြီးနောက် ဒိန်ချဉ်နှစ်ဇွန်းနဲ့ရောပြီး Blender ထဲမှာရောကြိတ်ပေးရပါမယ်။ ရလာတဲ့အနှစ်ကို ဆံသားပေါ်လိမ်းပေးပြီး Shower Cap နဲ့ နာရီဝက်ခန့်အုပ်ထားပေးပါ။ ပြီးရင်တော့ ခေါင်းပြန်လျှော်နိုင်ပါပြီ။ ဒီနည်းလမ်းက ဆံသားပျက်ကျခြင်း မဖြစ်အောင်ကာကွယ်ပေးပြီး ဆံပင်သန်စေပါတယ်။

၆။ ကြက်ဥအကာနဲ့ သံလွင်ဆီ

ဦးရေပြားအဆီဓာတ်ထိန်းညှိပေးပြီး ဆံသားအရင်းတွေကို အားဖြည့်ပေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပြုလုပ်ရမှာကတော့ ဆံပင်အတိုအရှည်အပေါ်မူတည်ပြီး ကြက်ဥတစ်လုံး (သို့) နှစ်လုံးကို သံလွင်ဆီတစ်ဇွန်းခန့်နဲ့ အရည်ကျဲတဲ့အထိ ခလောက်ပေးပါ။ ရလာတဲ့အရည်ကို ဆံသားအနှံ့လိမ်းပေးပြီး မိနစ်၂၀ ထားပေးရပါမယ်။ ရေအေးအေးနဲ့ပြန်လည်ဆေးချပြီးနောက် ပေါင်းဆေးသုံးပြီး ခေါင်းပြန်လျှော်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar