ပျိုမေတို့မင်္ဂလာပါနော်။ ငယ်ရွယ်နုပျိုပြီး အရေးအကြောင်းကင်းတဲ့မျက်နှာအသားအရေလေးကိုတော့ ပျိုမေတိုင်း လိုချင်ကြမယ်ထင်ပါတယ်။ အသားအရေတင်းရင်းစေဖို့ပြုပြင်ရာမှာ အလှအပထုတ်ကုန်အမျိုးမျိုး ဝယ်သုံးတာ၊ Botox ထိုးတာတွေပြုလုပ်နိုင်ပေမယ့် ဒါတွေမလုပ်ခင်အရင်ဆုံး ငွေကုန်သက်သာပြီး အိုမင်းရင့်ရော်မှုကိုလျော့ချပေးနိုင်မယ့် ကျန်းမာရေးနဲ့အညီ သဘာဝထိန်းသိမ်းနည်းတွေကို ပြုလုပ်ပေးဖို့အကြံပြုချင်ပါတယ်။ ဒီလိုသဘာဝအတိုင်း ထိန်းသိမ်းထားချင်သူတွေအတွက် ဒီတစ်ခေါက်မှာ မျက်နှာအရေတွန့်ခြင်းကို လျှော့ချနိုင်ဖို့ ထောက်ပံ့ပေးနိုင်မယ့်ထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Vitamin A ပါဝင်တဲ့အစားအသောက်တွေမှီဝဲပါ


Vitamin A ဓာတ်က အရေးအကြောင်းနဲ့ဝက်ခြံထွက်ခြင်းကိုပါ လျှော့ချပေးနိုင်တာကြောင့် အဓိကမှီဝဲသင့်တဲ့ဓာတ်တစ်မျိုးလို့ပြောလို့ရပါတယ်။ ဒါကြောင့် သဘာဝအတိုင်း Vitamin A ရရှိဖို့ သူပါဝင်တဲ့အစားအသောက်တွေကိုစားသုံးပေးပါ။ ဥပမာ ကိုက်လန်၊ မုန်လာဥ၊ ဟင်းနုနွယ်၊ ရွှေဖရုံသီး၊ ကန်စွန်းဥနဲ့ သခွားမွှေးသီးစတဲ့ အသီးအရွက်တွေက အလှအပအကျိုးပြု Vitamin A ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။

၂။ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေစားသုံးပါ


အစိမ်းရောင်အသီးအရွက်တွေမှာ အသားအရေနဲ့ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ အာဟာရဓာတ်များစွာပါဝင်နေပါတယ်။ ဒီကြောင့် အရေးအကြောင်းပျောက်စေဖို့ အစိမ်းရောင်အသီးအရွက်များများစားပေးပါ။

၃။ မျက်လုံးတစ်ဝိုက်ကို အုန်းဆီအနည်းငယ်ပွတ်လိမ်းပေးပါ

Photo Source: Derm Collective

အရေးအကြောင်းအတွက် ဈေးများတဲ့အလှအပပစ္စည်းတွေအစား အုန်းဆီအနည်းငယ်အသုံးပြုပြီးလည်း ဖယ်ရှားလို့ရပါတယ်။ အုန်းဆီမှာပါတဲ့ Fatty Acids ဓာတ်က အသားအရေကိုနူးညံ့စေပြီး အထူးသဖြင့် မျက်လုံးတစ်ဝိုက်အရေတွန့်ခြင်းကိုသက်သာလာစေတာကြောင့် သင့်အနေနဲ့လည်း မျက်လုံးတစ်ဝိုက်ကို အုန်းဆီပွတ်လိမ်းပြီး အသားအရေထိန်းသိမ်းမှုပြုလုပ်ပေးနိုင်ပါတယ်။

၄။ အဆီဓာတ်ပါဝင်တာတဲ့ အစားအစာတွေကိုလည်း စားသုံးဖို့လိုပါတယ်


အရေးအကြောင်းပျောက်ဖို့ဆိုရင် အဆီဓာတ်ပါတာတွေအရမ်းလျော့စားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ထောပတ်သီး၊ အစေ့အဆံအမျိုးမျိုး၊ ဆဲလ်မွန်ငါးနဲ့ Chia စေ့စတဲ့ သဘာဝအဆီဓာတ်တွေပါဝင်နေတဲ့ အစားအသောက်တွေကိုပါ တစ်နေ့နည်းနည်းစီစားသုံးပေးပါ။ သင့်အသားအရေအတွက် အကျိုးပြုတာကို တွေ့ရပါလိမ့်မယ်။

၅။ ကိုယ်စားနေကျအစားအသောက်တွေမှာ ပရိုတင်းဓာတ်ပါဝင်မှုရှိမရှိဆန်းစစ်ပါ


ပရိုတင်းဓာတ်ကလည်း ကိုယ်တွင်း Collagen ထုတ်လုပ်မှုတက်စေပြီး အသားအရေနူးညံ့တင်းရင်းလာစေတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် တစ်နေ့နည်းနည်းစီ နေ့စဉ်စားသုံးပေးဖို့အရေးကြီးပါတယ်။ ဒါကြောင့် ပရိုတင်းပါဝင်မှုများတဲ့ ဥအမျိုးမျိုး၊ အသား၊ ငါးစတာတွေကိုပုံမှန်စားသုံးပေးပါ။

၆။ အိပ်ရေးဝအောင်အိပ်ဖို့လည်းမမေ့ပါနဲ့


အရေးအကြောင်းမပေါ်ဖို့ ခန္ဓာကိုယ်ကအိပ်ချိန်ကောင်းကောင်းရနေဖို့လိုပါတယ်။ ဒါမှ သင့်အတွက် အလိုအလျောက်ဆဲလ်သေတွေဖယ်ရှားပြီး အရေပြားဆဲလ်အသစ်ဖြစ်စေဖို့ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မြင်လိုက်တာနဲ့လန်းဆန်းပြီး အရေးအကြောင်းကင်းတဲ့မျက်နှာလေးအတွက် တစ်နေ့ ၇ နာရီခန့်အချိန်ပေးပြီး အိပ်ချိန်မှန်အောင်အိပ်ဖို့အကြံပြုလိုက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar