အားလုံးပဲ မင်္ဂလာပါ။ တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေ မဲနေရခြင်းအကြောင်းအရင်းကတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း၊ ပွတ်တိုက်မှုနဲ့ ဆဲလ်သေများ စုပုံနေခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ အဆီဂလင်းမရှိတဲ့အတွက်ကြောင့် မဲပြီး ခြောက်သွေ့မနေအောင်လို့ မှန်ကန်တဲ့ အလှအပထိန်းသိမ်း စောင့်ရှောက်မှုတွေပြုလုပ်ပေးသင့်ပါတယ်။

ဒါ့ကြောင့် ဆဲလ်သေများ စုဝေးနေခြင်းကို ဖယ်ရှားပေးပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်း အသားအရေ စိုပြေဝင်းမွတ်နေမယ့် အထိရောက်ဆုံး အိမ်တွင်းနည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။

သခွားသီး

သခွားသီးကို အကွင်းထူထူလေးလှီးပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ ၁၅ မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ငါးမိနစ်ခန့် ဒီအတိုင်းထားပြီးမှ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးကို နေ့တိုင်းပြုလုပ်ပါ။

သံပုယိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ

သံပုယိုသီးကို ၂ ပိုင်း ခြမ်းပြီး မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်းကို သံပုယိုသီးပေါ်ဖြူးလိုက်ပါ။ ပြီးရင် တံတောင်ဆစ်နဲ့ ဒူးခေါင်းပေါ်မှာ တစ်မိနစ်ခန့် ပွတ်တိုက်လိုက်ပါ။ ၁၅ မိနစ်လောက်ကြာမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ နှစ်ရက်ခြားတစ်ခါ ပြုလုပ်ပေးပါ။

ရှားစောင်းလက်ပတ်ဂျယ်နဲ့ နွားနို့

ရှားစောင်းလက်ပတ်ဂျယ်နဲ့ နွားနို့ကို ဆတူရောပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ သုတ်လိမ်းလိုက်ပါ။ တစ်ညလုံး ထားထားပြီး မနက်နိုးလာမှ ရေဆေးချလိုက်ပါ။

နနွင်းမှုန့်နဲ့ နွားနို့

နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို နနွင်းမှုန့် အနည်းငယ်နဲ့ ရောပြီး ဒူးခေါင်းနဲ့ တံတောင်ဆစ်ပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ အနည်းငယ်နှိပ်နယ်ပေးပြီး သဘာဝအတိုင်း အခြောက်ခံလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပိုပြီး ထိရောက်မှုရှိချင်တယ်ဆိုရင်တော့ ပျားရည်အနည်းငယ်ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

အုန်းဆီ

ရေချိုးပြီးတိုင်းမှာ တံတောင်ဆစ်နဲ့ ဒူးခေါင်းမဲနေတဲ့နေရာကို အုန်ဆီသုတ်လိမ်းပေးပြီး ၂ မိနစ် ၃ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ အုန်းဆီက အသားထဲ စိမ့်ဝင်သွားပါလိမ့်မယ်။ အာနိသင်ပိုမိုထိရောက်ချင်တယ်ဆိုရင်တော့ သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်နဲ့ ရောလိမ်းပေးပါ။

ပျားရည်၊ မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည်

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီး မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောနယ်ပြီး မဲနေတဲ့နေရာကို သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ (သို့) မိနစ် ၃၀ ကြာရင် ရေဆေးချလိုက်ပါ။

Source: Brightside.me