မင်္ဂလာပါ ပျိုမေတို့ရေ။ အသားအရေလိုပဲ လက်သည်းထိန်းသိမ်းမှုကလည်း အရမ်းအရေးကြီးပါတယ်နော်။ သဘာဝအတိုင်း ကြည်ကြည်တောက်တောက်လေးဖြစ်နေတဲ့ လက်သည်းမျိုးပိုင်ဆိုင်ထားတာက ပျိုမေတို့ကို ဆွဲဆောင်မှုတိုးစေသလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ပိုရှိစေမှာပါ။။
ဒီတစ်ခေါက်မှာ ထွေထွေထူးထူး ပြုပြင်စရာမလိုဘဲ အိမ်မှာပဲ လက်သည်းလေးတွေသန့်စင်အောင် ထိန်းသိမ်းနိုင်မယ့်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။ အမြဲပန်းရောင်သန်းနေတဲ့ လက်သည်းကြည်ကြည်လေးတွေ လိုချင်ရင်တော့ ဖော်ပြထားတဲ့ ထိန်းသိမ်းနည်းလေးတွေကို အကျင့်ဖြစ်အောင် ပုံမှန်လေးလုပ်ပေးဖို့ မမေ့ပါနဲ့နော်။
၁။ ပုံမှန်ညှိပေးပါ
လက်သည်းအရှည်မညီဘဲ အထစ်တွေဖြစ်နေတာက မတော်တဆတိုက်မိတာနဲ့ ညှိလွယ်ပြီး ကျိုးပဲ့သွားတာတွေ ဖြစ်တတ်ပါတယ်။ လက်သည်းအရှည်ထားတဲ့သူတွေဆို ပိုဆိုးပါတယ်။ ဒါကြောင့်မို့ လက်သည်းညှိတံစဉ်းလေး ဆောင်ထားပြီး မကြာခဏ လက်သည်းထောင့်အစွန်းတွေကို ဝိုက်ပြီးညှိပေးပါ။
၂။ Nail Serum လိမ်းပေးပါ
လက်သည်းခွံမာပြီး အရောင်ကြည်လာဖို့ Nail Serum လေးတွေလိမ်းဖို့လိုပါတယ်။ သဘာဝအတိုင်း လက်သည်းအစိုဓာတ်ပေးနိုင်တဲ့ ဗာဒံဆီ ဒါမှမဟုတ် ထောပတ်သီးအဆီတွေကို Serum အဖြစ်သုံးပေးပါ။ ညမအိပ်ခင်မှာ လက်ပန်းကုံးနေရာလေးတွေကို လိမ်းပေးရုံပါပဲ။ ပုံမှန်သုံးပေးမယ်ဆိုရင် ကြွပ်ဆပ်ပြီး ခြောက်သွေ့နေတဲ့လက်သည်းမျိုး မဖြစ်အောင်ကာကွယ်ပြီးသားဖြစ်မှာပါ။
၃။ သင့်လက်သည်းကို ခြောက်သွေ့ပြီးသန့်ရှင်းတဲ့နေရာမှာထားပါ
မသန့်တဲ့၊ စိုစွတ်တဲ့နေရာတွေမှာ သင့်လက်သည်းကိုအချိန်ကြာကြာထားတာမျိုး ရှောင်ပေးပါ။ လက်သည်းဂျီးကတစ်ဆင့် ပိုးဝင်နိုင်သလို ရေနဲ့အထိများတဲ့အခါ လက်သည်းပျော့ပြီး ပါးလာတတ်ပါတယ်။ ပန်းကန်ဆေးတဲ့အခါမှာလည်း လက်သည်းနဲ့တိုက်ရိုက်မထိအောင် လက်အိတ်စွတ်ထားတာမျိုး လုပ်ပေးပါ။
၄။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိရင် ပြင်ပေးပါ
လက်သည်းကိုက်တာကလည်း သင့်လက်သည်းအလှကိုပျက်စီးစေတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ သင့်လက်သည်းကို အရှည်ထားမရတော့တာ၊ ကျိုးပဲ့လွယ်တာတွေ ဖြစ်လာစေမှာပါ။
၅။ လက်သည်းနီဆိုးတဲ့အခါ သတိပြုပေးပါ
Chemical များတဲ့ ဆိုးဆေးနဲ့တွေက သင့်လက်သည်းကို ခြောက်သွေ့ပြီး ဝါညစ်စေပါတယ်။ ဒါကြောင့် လက်သည်းနီ အထပ်ထပ်ဆိုးတာ၊ အချိန်အကြာကြီးဆိုးထားတာမျိုးတွေကို ရှောင်ပေးပါ။ အရောင်ပါတဲ့လက်သည်းနီတွေနဲ့ တိုက်ရိုက်မထိခင်မှာ အမြဲ Base Coat လေးခံဆိုးပေးဖို့လည်း မမေ့ပါနဲ့။
၆။ ပရိုတင်းဓာတ်များတဲ့ အစားအသောက်တွေလိုအပ်ပါတယ်
ကျန်းမာလှပတဲ့လက်သည်းလေးတွေရဖို့ အစားအသောက်ကိုလည်း ဂရုစိုက်ပေးရပါမယ်။ ခန္ဓာကိုယ်တွင်းမှာ လက်သည်းသန်စွမ်းစေဖို့ ထောက်ပံ့ပေးတဲ့ Keratin ဓာတ်တစ်မျိုးရှိပါတယ်။ ငါး၊ ပဲနဲ့ အစေ့အဆံတွေလို ပရိုတင်းဓာတ်များတဲ့ အစားအစာတွေက ကိုယ်တွင်း Keratin ဓာတ်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်မှာပါ။
Photo Source: Pinterest
By MyStyle Myanmar