မနက်ခင်းအချိန်က တစ်နေ့တာရဲ့အဆုံးအဖြတ်ပါပဲ။ မနက်ပိုင်းမှာ စိတ်ကြည်လင်နေမှ တစ်နေ့ကုန် တက်တက်ကြွကြွနဲ့ အလုပ်လုပ်နိုင်မှာပါ။ သင်က မနက်ပိုင်းတွေ လေးလံထှိုင်းမှိုင်းပြီး လန်းလန်းဆန်းဆန်းမရှိသလို ခံစားနေရတယ်ဆိုရင် ဒီဆောင်းပါးမှာပါတဲ့ အမူအကျင့်တွေကို လုပ်ကြည့်ဖို့ အကြံပေးပါရစေ။ ဒီတစ်ခေါက်မှာ တစ်နေ့တာကို အကောင်းဆုံးစတင်နိုင်ဖို့ မနက်နိုးတာနဲ့ လုပ်ပေးသင့်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးသွားမှာပါ။

၁။ Alarm မြည်တာနဲ့ ထပါ


Alarm ကို ခဏခဏပိတ်ပြီး ပြန်အိပ်တာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်တာမို့ အချိန်ကုန်ပြီး အကျိုးမရှိဖြစ်တတ်ပါတယ်။ အဲ့ဒီ့အစား ကိုယ်တကယ်ထနိုင်တဲ့ အချိန်မှ Alarm ပေးပြီး အသံမြည်တာနဲ့ ချက်ချင်းထတဲ့ အကျင့်လုပ်ပေးပါ။

၂။ ရေတစ်ခွက်သောက်ချလိုက်ပါ

အိပ်ရာထခါစအချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်နေတတ်တာမို့ နိုးတာနဲ့ အရင်ဆုံး ရေသောက်ချလိုက်ပါနော်။ ရေသောက်လိုက်တာက အိပ်ချင်ပြေပြီး နိုးနိုးကြားကြားဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

၃။ အကြောလျှော့ပါ

မနက်ပိုင်းလေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေတာကို လုပ်ဖူးသူတိုင်း သိကြမှာပါ။ သင့်အနေနဲ့ လေ့ကျင့်ခန်းမလုပ်ချင်ရင်တောင် အကြောလျှော့ပေးတာမျိုး ပုံမှန်လုပ်ပေးပါနော်။ မနက်ပိုင်း အကြောလျှော့ခြင်းက Stress ပြေသလို နိုးတာနဲ့ လန်းဆန်းနေဖို့ ကူညီပေးမှာပါ။

၄။ သီချင်းနားထောင်ပါ

သီချင်းတွေက လူတွေရဲ့စိတ်ကိုလွှမ်းမိုးနိုင်တာမို့ မနက်ပိုင်းမှာ ကိုယ်ကြိုက်တဲ့သီချင်းလေး နားထောင်ပေးတာက စိတ်ကြည်လင်လန်းဆန်းပြီး တစ်နေ့လုံး Mood ကောင်းနေဖို့ ကူညီပေးမှာပါ။ မနက်ခင်း ရေချိုးလေ့ရှိတဲ့သူတွေဆိုရင် ရေချိုးရင်း သီချင်းနားထောင်ကြည့်ပါနော်။ Stress တွေပြေလျော့စေပါလိမ့်မယ်။

၅။ ဖုန်းချက်ချင်းမကိုင်ပါနဲ့


အိပ်ရာနိုးနိုးချင်း ဖုန်းကိုင်ပြီး Social Media သုံးတာမျိုး မလုပ်မိအောင် သတိထားပေးပါနော်။ ဒါကသင့်ကို အာရုံများပြီး အချိန်ကုန်စေတာမို့ တစ်နေကုန် လန်းလန်းဆန်းဆန်းမရှိတော့တာမျိုး ဖြစ်စေပါလိမ့်မယ်။

၆။ မနက်စာစားပါ


မနက်ပိုင်းမှာ အာဟာရရှိတဲ့ မနက်စာတစ်မျိုးစားလိုက်တာက သင့်ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြင့်တင်ပေးတာမို့ စိတ်ကြည်လင်ပြီး အလုပ်ပိုပြီးစေပါတယ်။ ဒါကြောင့်မို့ အပျက်မခံဘဲ မနက်စာကိုတော့ ပုံမှန်အာဟာရပြည့်အောင် စားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar