မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်ကြောင့် မျက်နှာမှာ ဝက်ခြံတွေပိုထွက်လာတယ်လို့ ခံစားရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ သင်သုံးတဲ့မိတ်ကပ်နဲ့ လိမ်းတဲ့ပုံစံတွေမှားနေလား ဆန်းစစ်ဖို့လိုလာပါပြီ။ တစ်ခါတစ်ရံ မသိဘဲလုပ်မိတဲ့ မိတ်ကပ်သုံးနည်းအမှားတွေကြောင့် ချွေးပေါက်ရာကတစ်ဆင့် မျက်နှာအနှံ့ ဝက်ခြံတွေထွက်တတ်ပါတယ်။ ဒီလိုမျိုးမိတ်ကပ်ကြောင့် ဖြစ်တတ်တဲ့ ဝက်ခြံပြဿနာကိုရှောင်နိုင်ဖို့ ဒီတစ်ခေါက်မှာ မိတ်ကပ်လိမ်းတိုင်း သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်သေချာမဆေးဘဲ မိတ်ကပ်လိမ်းမိတာ


မိတ်ကပ်လိမ်းတဲ့အခါ လက်မသန့်ရင် ဘက်တီးရီးယားနဲ့ပိုးမွှားတွေ မျက်နှာမှာကပ်ပြီး ဝက်ခြံထွက်လာမှာပ။ မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းပြီးအချိန်တွေမှာ လက်ကိုသေချာသန့်စင်ထားပါ။ လက်နဲ့ထိစရာမလိုအောင် မိတ်ကပ်လိမ်း Brush တွေသုံးပေးရင် ပိုကောင်းပါတယ်။

သက်တမ်းကုန်နေတဲ့ မိတ်ကပ်ပစ္စည်းတွေသုံးမိတာ


ကိုယ်သုံးနေတဲ့ မိတ်ကပ်ပစ္စည်းတွေရဲ့ သက်တမ်းကိုလည်း စစ်ကြည့်ဖို့မမေ့ပါနဲ့နော်။ အရည်အသွေးမကောင်းတော့တဲ့ မိတ်ကပ်တွေ သုံးမိတာက အသားအရေကိုပါထိခိုက်ပြီး ဝက်ခြံပြဿနာတွေဖြစ်လာမှာပါ။ ပြန်သုံးလို့ရတဲ့ မိတ်ကပ်လိမ်းတဲ့ Brush တွေ၊ ဖော့တွေကိုလည်း သုံးလထက်ပိုပြီး မသုံးသင့်ပါဘူး။

အခြားသူနဲ့မျှသုံးပြီး သေချာပြန်မဆေးတာ


မိတ်ကပ်ပစ္စည်းတွေကို အတတ်နိုင်ဆုံး တစ်ယောက်စာ သီးသန့်စီသုံးတာ အကောင်းဆုံးပါပဲ။ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေကို သေချာမဆေးဘဲ အခြားသူနဲ့ပေါင်းသုံးမိတာက အဆီနဲ့ပိုးမွှားတွေကူးပြီး ဝက်ခြံထွက်လာမှာပါ။ မဖြစ်မနေသုံးရတဲ့အခါမျိုးမှာ အရင်ဆုံးသန့်စင်ပေးဖို့ မမေ့ပါနဲ့။

မိတ်ကပ်ထူထူလိမ်းပြီး ဝက်ခြံတွေဖုံးတာ


မျက်နှာပေါ်က ဝက်ခြံဖုတွေမသိသာအောင် မိတ်ကပ်နဲ့ဖုံးတာက အခန့်မသင့်ရင် ချွေးပေါက်ပိုပိတ်ပြီး ဝက်ခြံပိုထွက်တတ်ပါတယ်။ ဒါကြောင့်မို့ မိတ်ကပ်နဲ့ဖုံးမယ့်အစား Skincare အဆင့်ကို အာရုံစိုက်ပေးပါ။ မိတ်ကပ်မလိမ်းခင်မှာ အဆီပြန်သက်သာစေမယ့် Moisturizer ၊ ချွေးပေါက်မပိတ်အောင်ကာကွယ်ပေးမယ့် Toner တစ်မျိုးနဲ့ ဝက်ခြံလိမ်းဆေးတွေသုံးပေးပြီး ဝက်ခြံထပ်မထွက်အောင်ထိန်းချုပ်ပေးဖို့လိုပါတယ်။

မိတ်ကပ်မစင်ဘဲ အိပ်ရာဝင်တာ


မိတ်ကပ်မစင်တာကလည်း ချွေးပေါက်ပိတ်ပြီး ဝက်ခြံဖြစ်စေပါတယ်။ မိတ်ကပ်အကျန်တွေမရှိရအောင် အိပ်ခါနီး သေချာသန့်စင်ပေးပါ။ မိတ်ကပ်ဖျက်တဲ့အခါ စိတ်ချရအောင် Double Cleansing လုပ်ပေးတာ ပိုကောင်းပါတယ်။

နေ့တိုင်းနီးပါး မိတ်ကပ်လိမ်းတာ


ဝက်ခြံမထွက်အောင် နေ့တိုင်းမိတ်ကပ်မလိမ်းဘဲ Skin ကိုအနားပေးဖို့လည်း လိုပါတယ်နော်။ အနည်းဆုံး တစ်ပတ်မှာနှစ်ရက်လောက် မိတ်ကပ်မလိမ်းဘဲ နေတာမျိုး လုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar