ဆံပင်ဆိုတာ အပူနဲ့ခဏခဏထိဖန်များရင် အစိုဓာတ်ခန်းခြောက်ပြီး ကြမ်းတမ်းပျက်စီးလာတာ သဘာဝပါပဲ။ အပူနဲ့တိုက်ရိုက်ထိတွေ့မိတဲ့အခါ တဖြည်းဖြည်းနဲ့ ဆံပင်အကျွတ် များလာမယ်၊ ဆံသားအဖျားတွေ နှစ်ခွကွဲထွက်လာပါမယ်။ ဒီလိုပျက်စီးလာတာကို အချိန်မှီပြန်သက်သာဖို့ လုပ်ပေးသင့်တဲ့ ဆံသားထိန်းသိမ်းနည်းတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးသွားမှာပါ။ လွယ်လွယ်ကူကူနဲ့ ထိရောက်တဲ့နည်းတွေဖြစ်တာမို့ ပုံမှန်ထိန်းသိမ်းပေးမယ်ဆိုရင် စိုပြေတဲ့ဆံနွယ်လေးတွေကို အချိန်တိုအတွင်း ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

၁။ အပူခံ Spray သုံးပေးပါ

ဆံသားပုံသွင်းတဲ့သူတွေက အပူနဲ့မထိခင်မှာ အပူခံ Spray ဒါမှမဟုတ် Serum တစ်မျိုးကို မဖြစ်မနေသုံးပေးဖို့လိုပါတယ်။ ဒီလိုလုပ်ပေးတာက သင့်ဆံသားကို အပူဒဏ်နဲ့ တိုက်ရိုက်မထိအောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

၂။ Hair Oil တွေလိမ်းပေးပါ

ဦးရေပြားနဲ့ဆံသား အားဖြည့်ပြီး ဆံသားပျက်စီးခြင်းကို သက်သာစေဖို့ Hair Oil တွေက ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ဆံသားပြဿနာတော်တော်များများသက်သာစေတဲ့ အုန်းဆီ၊ Jojoba ဆီ၊ သံလွင်ဆီတို့လို သဘာဝအဆီလေးတွေ ပုံမှန်လိမ်းပေးပါ။

၃။ ခေါင်းခဏခဏလျှော်တာမျိုး ရှောင်ပါ

ခေါင်းလျှော်ရည်အချို့မှာပါတဲ့ ချေးချွတ်အာနိသင်ပြင်းပြင်းတွေက ဆံသားအစိုဓာတ်လျှော့ပြီး ဦးရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလို ဖြစ်စေပါတယ်။ အစိုဓာတ်မရှိတဲ့ဆံသားက ပိုပျက်စီးလွယ်တာမို့ ခေါင်းကို တစ်ပတ်နှစ်ကြိမ်ထက်ပိုမလျှော်ဘဲ Chemical နည်းတဲ့ သဘာဝခေါင်းလျှော်ရည်လေးတွေကို သုံးပေးသင့်ပါတယ်။

၄။ ဆံပင်အဖျားတွေ ပုံမှန်တိပေးပါ

ဆံပင်အဖျားတွေထိပေးတာက ပိုအရှည်မြန်ပြီး အဖျားနှစ်ခွတွေကိုပါ သက်သာစေပါတယ်။ ဒါကြောင့်မို့ နှစ်လတစ်ခါလောက် အဖျားလေးတွေထိပေးတာမျိုး ပြုလုပ်ကြည့်ပါ။

၅။ သုံးနေကျခေါင်းဖြီးကို သန့်စင်ပေးပါ

ခေါင်းဖြီးကတစ်ဆင့် ဆံပင်မှာ ဖုန်နဲ့ အညစ်အကြေးတွေ ကပ်နေမယ်ဆိုရင် ခဏအတွင်း ဆံပင်အနံ့ထွက်ပြီး ခေါင်းခဏခဏလျှော်ရနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် တစ်ပတ်တစ်ခါလောက် ကိုယ်သုံးနေကျ Hairbrush တွကို ပုံမှန်လေးသန့်စင်ပေးပါ။

၆။ သဘာဝဆံပင်အရောင်လေးအတိုင်း ထားပါ

ဆံပင်အရောင်ချွတ်ဆေးနဲ့ ဆိုးဆေးတွေက ဆံသား ပိုပျက်စီးစေမယ့် အကြောင်းအရင်းတွေဖြစ်တာမို့ ဆံသားပြန်သန်ချင်သူတွေအနေနဲ့ အတတ်နိုင်ဆုံး သဘာဝဆံပင်လေးအတိုင်း ထားပေးဖို့လိုပါတယ်။ မဖြစ်မနေဆိုးချင်လာတဲ့အခါ ချွတ်ဆေးကိုရှောင်ပြီး ဆံပင်အရမ်းမထိတဲ့ ယာယီအရောင်ဆိုးဆေးတွေကို သုံးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar