မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ညှပ်ပြီးမှ ကိုယ်နဲ့မလိုက်သလို ခံစားနေရလို့ စိတ်ညစ်နေတဲ့သူတွေရှိလား။ ဒါတွေက ညှပ်နေကျမဟုတ်တဲ့ ဆိုင်အသစ်မှာသွားညှပ်မိတာ၊ မလိုက်တဲ့ကေရွေးမိတာနဲ့ မကျွမ်းကျင်တဲ့သူကို ညှပ်ခိုင်းတာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုခံစားနေရတယ်ဆိုရင် ဆံပင်ကေကြောင့် ဆက်ပြီး ခေါင်းစားစရာမလိုတော့ပါဘူးနော်။ ဒီတစ်ခေါက်မှာ ကိုယ့်ဆံပင်ကေကို စိတ်တိုင်းမကျ သေးတဲ့သူတွေအတွက် ဒီလိုအချိန်မှာ အပြောင်းအလဲလုပ်ပြီး အမြင်လှည့်စားလို့ရတဲ့ ပြုပြင်နည်းတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။

Hair Accessories ဝတ်ပါ


ဆံပင်ကေမသိသာဖို့ အလွယ်ဆုံးအာရုံပြောင်းနည်းက ကလစ်၊ ဘီးကုတ်၊ ခေါင်းစည်းကြိုးစတဲ့ Hair Accessories တွေ ဝတ်ဆင်ပေးတာပါ။ Bobby Pin ကလစ်လေးတွေက မမြင်စေချင်တဲ့ ဆံစတွေကို သိမ်းပေးပြီး ဘီးကုပ်ကတော့ သင်မလိုချင်တဲ့ အထပ်ကေပုံစံမျိုး မမြင်ရအောင် ကူညီပေးမှာပါ။

ဆံပင်ဆိုးချလိုက်ပါ


သင့်အနေနဲ့ ဆံပင်ညှပ်လို့ လက်လွန်သွားတယ်ဆိုရင် အရောင်ပြန်ဆိုးလိုက်တာမျိုးလုပ်နိုင်ပါတယ်နော်။ ဆံပင်အရောင်ဆိုးလိုက်တာက မလှတဲ့ဆံပင်ကေကိုတောင် တစ်မျိုးဆွဲဆောင်မှုရှိအောင် ပြောင်းလဲနိုင်တာမို့ ဆံပင်အရောင်ဆန်းဆန်းလေးဆိုးကြည့်တာမျိုး လုပ်နိုင်ပါတယ်။

Clip In (သို့မဟုတ်) Extension တပ်နိုင်ပါတယ်


ညှပ်လိုက်လို့ ဆံပင်က တိုသွားတာမျိုးဆိုရင် Clip In လို့ခေါ်တဲ့ ဆံပင်တွဲထားတဲ့ ကလစ်နဲ့ချိတ်တာ ဒါမှမဟုတ် Extension ဆံပင်ဆက်တာမျိုး လုပ်လို့ရပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါ သင့်ရဲ့နဂိုဆံပင်ကေ မသိသာတော့အောင် အာရုံလွှဲပြီးသားဖြစ်မှာပါ။

ကျစ်ဆံမြီးလေးတွေကျစ်လိုက်ပါ


ကျစ်ဆံမြီးကျစ်ပြီးတော့လည်း သင့်ဆံပင်ကေကိုမမြင်ရတောင်အောင် ပြောင်းလဲနိုင်ပါတယ်နော်။ လုပ်ရလည်း အလွယ်ဆုံးမို့ မိန်းကလေးတိုင်းအတွက် အဆင်ပြေမှာပါ။

ဆံကြောင်းအသစ်ခွဲပါ


သင့်အနေနဲ့ ဆံပင်ကေကို မကြိုက်ရင် ကိုယ်ခွဲထားတဲ့ ဆံကြောင်းနဲ့ဆန့်ကျင်ဘက်ကို ပင့်တင်ပြီး ဆံကြောင်းအသစ်ခွဲလိုက်တာမျိုးလုပ်နိုင်ပါတယ်နော်။ ချထားတဲ့ဆံပင်ကို တစ်မျိုးပြောင်းပြီး မ တင်ထားတာ၊ ဆန့်ကျင်ဘက်ဆံကြောင်းကိုခွဲလိုက်တာမျိုးတွေက သင့်မျက်နှာကျပုံစံကိုပါပြောင်းလဲသွားစေပါလိမ့်မယ်။

စက်နဲ့ပုံသွင်းပေးပါ


ဒီနည်းက အနည်းငယ်အလုပ်ရှုပ်ပေမယ့် ကိုယ်လိုချင်သလိုပြောင်းလို့ရတဲ့ နည်းဖြစ်ပါတယ်။ ဆံပင်ကေကို မသိသာအောင် ဆံသားပုံသွင်းပေးတာမျိုး လုပ်နိုင်ပါတယ်။ ကောက်စက်၊ ဖြောင့်စက်အမျိုးမျိုးရှိတာမို့ ကိုယ်ဆံသားအထူအပါးနဲ့ သင့်တော်မယ့်စတိုင်လေးရွေးပြီး ပုံသွင်းပေးတာက သင့်ဆံပင်ကေကို လုံးဝပြောင်းလဲသွားစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar