အားလုံးပဲမင်္ဂလာပါနော်။ သင့်အနေနဲ့ တကူးတက ပိုက်ဆံအကုန်ခံပြီး Gym ဆော့စရာမလိုဘဲ အိမ်အလုပ်လုပ်ရင်းနဲ့ လေ့ကျင့်ခန်းအချို့နဲ့ညီမျှတဲ့ ကယ်လိုရီပမာဏလောင်ကျွမ်းစေတယ်ဆိုတာကို သိထားပြီလား။ ဒီတစ်ခေါက်မှာ ကိုယ့်အိမ်က ဝေယျဝစ္စတွေလုပ်ရင်းနဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ်သလို ကိုယ်တွင်းအဆီကိုပါ လောင်ကျွမ်းစေမယ့် အိမ်အလုပ်တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီအလုပ်တွေထဲကအချို့ကို ပုံမှန်လှုပ်လှုပ်ရှားရှားလုပ်ပေးရုံနဲ့ အဆီကျစေမှာဖြစ်လို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်သူတွေ အိမ်မှာပဲအနေများတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။

၁။ တံမြက်စည်းလှည်းတာ


တံမြက်စည်းလှည်းတဲ့အခါ ခန္ဓာကိုယ်ကိုကွေးပြီး လက်ကိုအားပြုပေးရတာကြောင့် သင့်လက်ကို အကြောလျှော့ပေးရာရောက်ပြီး လက်မောင်းကြွက်သားလည်း ကျစ်စေပါတယ်။ အိမ်ရှင်းပြီး တံမြက်စည်းလှည်းတာ၊ ကြမ်းတိုက်တာမျိုး လှုပ်လှုပ်ရှားရှားလုပ်ပေးခြင်းက ၁၉၅ ကယ်လိုရီအထိ လောင်ကျွမ်းစေဖို့ကူညီပေးမှာပါ။

၂။ ဖုန်စုတ်စက်နဲ့ဖုန်ရှင်းပေးတာ


ဖုန်စုတ်စက်နဲ့ ဖုန်ရှင်းတာကလည်း တံမြက်စည်းလှည်းတာနဲ့ ပုံစံတူပါတယ်။ လှည်းရခက်တဲ့ ထိုင်ခုံကြားနေရာတွေအထိ ခန္ဓာကိုယ်ကို အကုန်းအကွ၊ ထိုင်ထလုပ်ပြီး လှုပ်ရှားပေးတဲ့အခါ Lunge လ့ကျင့်ခန်းလုပ်သလိုဖြစ်ပြီး တင်ပဆုံရိုးသန်မာဖို့ထောက်ပံ့ပေးကာ ကယ်လိုရီ ၁၉၀ အထိကျစေမှာပါ။

၃။ ရေချိုးခန်းကိုသန့်ရှင်းတာ


ရေချိုးခန်းနံရံတွေကို တိုက်ချွတ်ပေးတာက လက်မောင်းလေ့ကျင့်ခန်းလုပ်သလိုဖြစ်စေပါတယ်။ လက်မောင်းနှစ်ဖက်လုံး လှုပ်ရှားပြီးသားဖြစ်ဖို့ နံရံနဲ့ကြမ်းပြင်တွေတိုက်တဲ့အခါ ဘယ်၊ ညာ လက်နှစ်ဖက်ကို တစ်လှည့်စီပြောင်းပြီးပြုလုပ်ပေးလိုက်ပါ။

၄။ ကားရေဆေးတာ


ကားရေဆေးတာကလည်း ပိုက်ဆံအပိုမကုန်တော့ဘဲ လှုပ်လှုပ်ရှားရှားနေပြီးသား ဖြစ်စေတာမို့ ကိုယ်တိုင်အားပြုပြီး ကားသန့်ရှင်းရေးလုပ်ဖို့အကြံပေးချင်ပါတယ်။ ကားအမိုးအမြင့်အထိ ဆေးကြောတာ၊ ကားမှန်တံခါးပေါက်တွေသန့်စင်ပေးတာတွေက သင့်ကိုကြွက်သားတင်းရင်းစေတဲ့အပြင် တစ်နာရီမှာ ကယ်လိုရီ ၁၈၀ လောက်လောင်ကျွမ်းစေဖို့ကူညီပေးပါလိမ့်မယ်။

၅။ ဈေးဝယ်တာနဲ့ ဆေးကြောသန့်စင်ပေးတာ

Photo Source: mirror.co.uk

လှေကားအတက်အဆင်းနဲ့ လမ်းလျှောက်ပြီးဈေးဝယ်တာမျိုးကလည်း သင့်ကိုအထိုင်မများစေဘဲ ကယ်လိုရီလောင်ကျွမ်းစေဖို့အားပေးတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး တစ်နာရီလောက်လှုပ်ရှားမှုက ၅၀၀ ကယ်လိုရီ လောင်ကျွမ်းမှုနဲ့ညီမျှပါတယ်။ ဈေးဝယ်ပြီးနောက် မတ်တပ်ရပ်ရင်း အသီးအရွက်နဲ့ ပန်းကန် ဆေးကြောတာမျိုး ပြုလုပ်တာကလည်း သင့်အတွက် လက်မောင်း Workout သဘောမျိုးဖြစ်စေမှာပါ။

၆။ အဝတ်လျှော်တာ

လက်နဲ့ကိုယ်တိုင်အဝတ်လျှော်တာက အလေးမလေ့ကျင့်ခန်းနဲ့ဆင်ပြီး နောက်ကျောတစ်လျှောက် ကြွက်သားကျစ်လျစ်စေကာ မိနစ် ၃၀ အတွင်း ကယ်လိုရီ ၁၀၀ ကနေ ၂၂၀လောက်အထိ လောင်ကျွမ်းသွားစေဖို့ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar