သင့်အနေနဲ့ တစ်နေ့တာမှာ လေ့ကျင့်ခန်းအတွက် အချိန်ဘယ်လောက်ပေးဖြစ်လဲ။ အလုပ်လုပ်နေရတဲ့သူတွေဆိုရင် ကိုယ့်ရဲ့အားလပ်ချိန်ပေါ်မူတည်ပြီး လေ့ကျင့်ခန်းလုပ်နိုင်တဲ့ အချိန်ပမာဏကလည်း တစ်ရက်နဲ့ တစ်ရက်မတူနိုင်ပါဘူး။ အချိန်မပေးနိုင်လို့ လေ့ကျင့်ခန်းလုံးဝမလုပ်မိရင်လည်း ဟန်ချက်ပျက်သွားမှာပါ။ လုံးဝမလုပ်တာထက် တစ်နေ့ကို ၁၀မိနစ်နဲ့ နည်းနည်းစီအချိန်ပေးတာကလည်း တကယ်တမ်းမှာ ထိရောက်ပါတယ်နော်။ ဒါကြောင့်မို့ စာဖတ်သူတို့အတွက် ၁၀ မိနစ် လေ့ကျင့်ခန်းကတစ်ဆင့် ရလာနိုင်တဲ့ အကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။

ဝိတ်ကျစေတယ်


တစ်နေ့ကို ၁၀ မိနစ်စာလောက် လေ့ကျင့်ခန်းလုပ်ရုံနဲ့တော့ ပိန်မသွားနိုင်ပေမယ့် နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ကယ်လိုရီလောင်ကျွမ်းအားကောင်းပြီး ဝိတ်ကျလာမှာပါ။

ကြွက်သားသန်မာစေတယ်


၁၀ မိနစ်စာလေ့ကျင့်ခန်းကလည်း ကြွက်သားတွေကို လှုပ်လှုပ်ရှားရှားဖြစ်အောင် အလုပ်ပေးလိုက်တာပဲမို့ ရေရှည်မှာ ကြွက်သားတွေပိုပြီး သန်မာလာဖို့ အားဖြည့်ပေးမှာပါ။

ခန္ဓာကိုယ်ပျော့ပြောင်းစေတယ်

Photo Source: healthxtips.com

၁၀ မိနစ်လောက်လှုပ်ရှားပြီးနောက်မှာ ခန္ဓာကိုယ်က အကြောတွေပြေပြီး ကိုယ်လက်ပျော့ပြောင်းကာ နေလို့ထိုင်လို့လည်း ပေါ့ပါးသွားမှာပါ။

အားအင်တက်ကြွစေတယ်


ဘယ်လောက်ပဲအချိန်ပေးပေး လေ့ကျင့်ခန်းလုပ်လိုက်ပြီဆိုတာနဲ့ စိတ်ရောကိုယ်ပါ လန်းဆန်းသွားတတ်ပါတယ်။ သင်လုပ်လိုက်တဲ့ ၁၀ မိနစ်စာလေ့ကျင့်ခန်းက တစ်နေ့တာလုံး Active ဖြစ်နေဖို့ ကူညီပေးမှာပါ။

စိတ်ဖိစီးမှုလျော့စေတယ်


လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်ထဲကနေ Endorphins လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေ ပိုထုတ်တတ်တာမို့ သင့်မှာရှိတဲ့ စိတ်ဖိစီးမှုတွေကို တစ်ဝက်သက်သာသွားစေမှာပါ။

ကိုယ့်ကိုယ်ကိုယ် Confident မြင့်တက်စေတယ်


ခန္ဓာကိုယ် ကျန်းမာပေါ့ပါးနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်တိုးပြီး ယုံကြည်စိတ်ချမှုလည်း ပိုရှိလာမှာပါ။

ဒီလိုမျိုး ကျန်းမာရေးကျေးဇူးတွေများစွာရနိုင်တာမို့ တစ်နေ့ ၁၀ မိနစ်လောက်အချိန်ပေးပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်နိုင်အောင် ကြိုးစားကြည့်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar